ကိုရီးယားနိုင်ငံသားပိုင် အထည်ချုပ်စက်ရုံမှ လုပ်သားတစ်ရာကျော် မေလအတွက် လစာ မရရှိ

ရန်ကုန်။ ဇွန် ၉  –  ရွှေပြည်သာ မြို့နယ်ရှိ တောင်ကိုရီးယားနိုင်ငံသားပိုင် UIB အထည်ချုပ်စက်ရုံက အလုပ်သမား ၁၂၅ဦးဟာ မေလအတွက်လစာမရရှိသေးဘူးလို့ သိရပါတယ်။ “နှစ်ကြေးခံစားခွင့် မရတဲ့အပြင် အခုငါးလပိုင်းလစာကိုမပေးဘူး ။ဘယ်နေ့ပေးမယ်ဆိုတာလည်း အခုချိန်ထိအတိအကျမပြောဘူး။ပြီးတော့ အမတို့ကိုလည်းအတင်းအကျပ် သူခိုင်းတာကို လုပ်နိုင်မလား။လုပ်နိုင်ရင်လက်မှတ်ထိုး လက်မှတ်ထိုးမှ ဒီလစာကိုပေးမယ်ဆိုတော့ အမတို့က သူပြောတဲ့အတိုင်း မလုပ်နိုင် ဘူးလေ” ဟု အဆိုပါစက်ရုံမှာလုပ်သက် ခုနှစ်နှစ်ရှိပြီဖြစ်တဲ့ မမိုးမိုး (အမည်လွှဲ) ကပြောပါတယ်။
လုပ်ခလစာကို ရရှိဖို့အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့ ကနှစ်ရက်တာ ညှိနှိုင်း ပေးခဲ့ပေမယ့် နိုင်ငံခြားသား ကုမ္ပဏီ ပိုင်ရှင်က ပေးချေခြင်းမရှိဘူးလို့ သိရပါတယ်။ အလုပ်သမားတွေကတော့ လုပ်ခလစာမရသေးတဲ့အတွက် ပိုင်ရှင်ကို မျက်ခြေပျက်မခံဘဲ စက်ရုံထဲမှာ မနေ့က ညပိုင်းထဲက စောင့်ကြည့်နေကြ ပါတယ်။
“အလုပ်ရှင်က အလုပ်ရုံကိုပိတ်ချင်ပြီး အလုပ်ထုတ်နစ်နာကြေးနဲ့ လစာကို မပေးချင်တဲ့ အတွက် အခြားပိုင်ရှင်တစ်ယောက်ကို စက်ရုံရော လူတွေပါ ငှားလိုက်တာ ဖြစ်မယ်”လို့  အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် အလုပ်သမားရေးရာ ဌာနမှ ဒေါ်အိရွှေစင်ညွှန့်က ပြောပါတယ်။
“အခုပြဿနာကို ကြည့်လိုက်ရင်တော့ စက်ရုံပိတ်ချင်တာက အဓိက ရည်ရွယ်ချက်ပါ။ အခုက အလုပ်ရှင်အနေနဲ့ အလုပ်သမားတွေကို နားလှည့်ပါးရိုက်လုပ်ပြီး အလုပ်သမားတွေ စိတ်ပျက်ပြီး လျော့သွားတဲ့ အဆင့်မျိုးကို သူစဉ်းစားနေတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ အတွက်လည်းကိုရီးယားသံရုံးနဲ့လည်းစကားပြောသွားမှာ ဖြစ်တယ်လို့ “ သူကပြောပါတယ်။
အလုပ်သမားတွေကတော့ လုပ်ခလစာရဖို့အတွက် အခုချိန်ထိ စက်ရုံထဲမှာ ရှိနေကြပြီး အလုပ်သမားနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကလဲ ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။ ယခင်က UIBအထည်ချုပ်စက်ရုံမှာ အလုပ်သမားတစ်ထောင်ကျော်ရှိပြီး အခုချိန်မှာတော့ အလုပ်သမားဦးရေ ၁၂၈ ဦးခန့်ပဲ ရှိတော့တယ်လို့သိရပါတယ်။ အထည်ချုပ်လုပ်သားတွေလစာ မရရှိတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး UIB ကတာဝန်ရှိသူတွေကိုဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါ။
Author  အောင်မျိုးထွဋ်
Credit-Kumudra

Comments