သတင်းများ ကြိုတင် ထွက်ပေါ်ခဲ့သည့်အတိုင်း ပါရီ ရာသီဥတု ထိန်းသိမ်းရေး သဘောတူညီမှု စာချုပ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း အမေရိကန် အစိုးရက ကြေညာခဲ့သည်။အဆိုပါ စာချုပ် ဖြစ်မြောက်ရေးအတွက် ၂၀၁၅ ခုနှစ်တွင် အမေရိကန် သမ္မတဟောင်း ဘာရတ်အိုဘားမားက အင်တိုက်အားတိုက် ဦးဆောင် ကြိုးစားခဲ့သည်။ သို့သော် လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်သည် ရွေးကောက်ပွဲကြို ကာလများ ကတည်းက ပါရီ သဘောတူညီမှုကို ဝေဖန် ရှုတ်ချခဲ့သူ ဖြစ်သည်။
G7 ညီလာခံတွင် ပါရီ သဘောတူညီမှု အဖွဲ့ဝင် နိုင်ငံအားလုံးက အဆိုပါ စာချုပ်ကို ဆက်လက်၍ လိုက်နာ စောင့်ထိန်းမည်ဟု ကတိပြုခဲ့သော်လည်း ထရမ့်ကမူ အမေရိကန် အနေဖြင့် ယင်းကိစ္စကို ပြန်လည် သုံးသပ် ဆွေးနွေးမည်ဟုသာ ပြောကြားခဲ့သည်။ ယခုအခါတွင်မူ အမေရိကန်သည် ပါရီ သဘောတူညီမှုမှ နုတ်ထွက်မည်ဖြစ်ကြောင်း အခိုင်အမာ အတည်ပြုခဲ့သည်။
ယင်းဆုံးဖြတ်ချက်သည် ထရမ့်အပေါ် အမေရိကန်၏ မဟာမိတ် နိုင်ငံများက စိတ်ပျက်စေမည့် နောက်ထပ် အကြောင်းတရား တစ်ခုဟုလည်း ဆိုနိုင်သည်။ ဂျာမနီ အစိုးရသည် ယင်းနှင့်ပတ်သက်၍ ထရမ့်အပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်ထားပြီး ဖြစ်သည်။
ပါရီ သဘောတူညီမှုတွင် အသေးစိတ် အချက်အလက်များစွာ ပါရှိသော်လည်း အဓိက ရည်ရွယ်ချက်မှာ ကမ္ဘာကြီး၏ ပျမ်းမျှ အပူချိန်ကို သတ်မှတ် ပမာဏအထိ လျှော့ချနိုင်ရေး စုပေါင်းဆောင်ရွက်ရန် ဖြစ်သည်။ ထိုသဘောတူညီမှုကို အမေရိကန်နှင့် နိုင်ငံပေါင်း ၁၈၇ ခုတို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ဆီးရီးယားနှင့် နီကာရာဂွာတို့သာ ပျက်ကွက်ခဲ့သည်။
အိမ်ဖြူတော်ရှိ နှင်းဆီဥယျာဉ်တွင် ၎င်း၏ ဆုံးဖြတ်ချက်ကို အတည်ပြု ကြေညာရာ၌ ထရမ့်က ပါရီ သဘောတူညီမှုသည် အမေရိကန်၏ အကျိုးစီးပွားကို ထိခိုက်စေရန်၊ ယုတ်လျော့စေရန်၊ ပျက်ပြားစေရန် ကန့်သတ်ထားသည်ဟု ယုံကြည်ကြောင်း ထည့်သွင်း ပြောကြားသွားသည်။
အဆိုပါ သဘောတူညီမှုသည် အမေရိကန်၏ နှစ်အလိုက် GDP ပမာဏကို ဒေါ်လာ ၃ ထရီလီယံထိ လျော့ပါးစေပြီး အလုပ်အကိုင် အရေအတွက် ၆.၅ သန်းမျှထိ နစ်နာစေနိုင်ကြောင်း၊ ထို့အပြင် အမေရိကန်၏ စီးပွားပြိုင်ဘက်ဟု ဆိုနိုင်သည့် တရုတ်နှင့် အိန္ဒိယတို့အတွက်မူ ပိုမို အခွင့်သာနေစေကြောင်းလည်း ထရမ့်က ဝေဖန်သည်။
“အမေရိကန် နိုင်ငံ၊ အမေရိကန် ပြည်သူတွေရဲ့ အခွင့်အရေးတိုင်းကို ကာကွယ်ပေးဖို့ဟာ ကျုပ်ရဲ့တာဝန် ဖြစ်တယ်။ ဒါကြောင့် ပြင်သစ် ရာသီဥတု ထိန်းသိမ်းရေး သဘောတူ စာချုပ်ကနေ အမေရိကန် နုတ်ထွက်မှာဖြစ်တယ်။ ဒါပေမဲ့ ပါရီ သဘောတူညီမှုမှာ လုံးဝကွဲပြားတဲ့ သတ်မှတ်ချက်တွေ၊ အမေရိကန်အတွက် မျှတတဲ့ သတ်မှတ်ချက်တွေနဲ့ ပြန်လည် ပူးပေါင်းတာမျိုးတော့ ဆွေးနွေးသွားပါမယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်သည် တစ်ကမ္ဘာလုံး၏ ကာဘွန်အခြေပြု ညစ်ညမ်းဓာတ်ငွေ့များ အားလုံး၏ ၁၅ ရာခိုင်နှုန်းထိ ထုတ်လွှတ်နေသော နိုင်ငံဖြစ်သည်။ ထရမ့်သည် ပါရီ သဘောတူညီမှုမှ မည်သည့် အချိန်တွင် စတင်နုတ်ထွက်မည် ဆိုခြင်းကို အတိအကျ ပြောကြားမသွားချေ။ သို့သော် အိမ်ဖြူတော်က အစောပိုင်း အရိပ်အမြွက် မှတ်ချက်အချို့အရ ယင်းလုပ်ငန်းစဉ်သည် လေးနှစ်မျှထိ ကြာမြင့်နိုင်ကြောင်း သိရသည်။
Ref: New York Times
Credit-7Day News Journal
Credit-7Day News Journal
Comments
Post a Comment