ဆီးဂိမ်းအောင်နိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် လက်ရွေးစင်အသင်းတာဝန်ရှိသူများကို ဥက္ကဌ ဦးဇော်ဇော်တွေ့ဆုံ

                          Image may contain: 3 people, people sitting, table and indoor
မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၉ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း၊ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၊ မြန်မာ့လက်ရွေးစင် ဖူဆယ် (အမျိုးသား၊အမျိုးသမီး)အသင်းများ ပြင်ဆင်နေမှုအခြေအနေများ နှင့် အောင်မြင်မှုရရှိရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၊လက်ရွေးစင်အသင်းတာဝန်ရှိသူများ ဇွန်လ ၂၉ရက်နေ့ နေ့လည်ပိုင်းက Novotel Hotel တွင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
“ ဒီဆီးဂိမ်းပြိုင်ပွဲမှာ လက်ရွေးစင်အသင်းတွေ အောင်မြင်မှုရဖို့ ဘောလုံးပရိသတ်တွေအနေနဲ့ လိုချင်ကြမှာပါ။ ကျွန်တော်တို့အနေနဲ့လည်း အောင်မြင်မှုရဖို့အတွက် အခုမှ ပြီးအစည်းအဝေးတွေထလုပ်နေတာမဟုတ်ဘူး။ လက်ရွေးစင်အသင်းတွေကို တောက်လျှောက်ဖွဲ့ထားပြီး ပြိုင်ပွဲတွေဝင်ပြိုင်ပြီးတော့ ဖွဲ့စည်းထားတာပါ။ အောင်မြင်မှုရဖို့အတွက် အချိန်အကြာကြီး ကျွန်တော်တို့ ပြင်ဆင်လာခဲ့ကြတာ။ ဆီးဂိမ်း သွားပြိုင်မယ့် အသင်းကို အောင်သူတို့လိုကစားသမားတွေကို အကယ်ဒမီမှာထဲက ပြုစုပျိုးထောင်လာတယ်။ ယူ-၁၉ ခြေစစ်ပွဲ၊ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ၊ ပြိုင်ပွဲတွေအများကြီး၊အချိန်တွေအများကြီးယူပြီး ဆောင်ရွက်လာတာပါ။တော်ရုံ စိတ်အားထက်သန်မှု၊ လုပ်ပုံကိုင်ပုံမျိုးနဲ့ဆိုရင် ကျွန်တော်တို့ အောင်မြင်မှုရမှာမဟုတ်ပါဘူး။ ကျွန်တော်တို့တော်ရုံတန်ရုံလုပ်ရင်တော့မဖြစ်နိုင်ဘူး။ ဗီယက်နမ်ထိုင်းတို့က အစပေါင်းများစွာသာတယ်။ အားလုံးတက်ညီလက်ညီလုပ်ဖို့ လိုပါတယ်။ အဖွဲ့ချုပ်တာဝန်ရှိသူတွေအနေနဲ့လည်း ပိုပြီးအာရုံစိုက်စေချင်ပါတယ်။ အသင်းတွေလဲပိုမိုကြိုးစားဖို့လိုပါမယ်။ ဥက္ကဌအနေနဲ့လည်း လိုအပ်တဲ့ ပံ့ပိုးမှုတွေကို လုပ်ဆောင်ပေးသွားမှာပါ။” ဟု အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်မှ ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်မှ လက်ရွေးစင်အသင်း နှင့် တာဝန်ရှိသူများ ပိုမိုကြိုးစားရန်မှာကြားခဲ့ပြီး လက်ရွေးစင်အသင်းနည်းပြများမှလည်း အသင်းများဖွဲ့စည်း ပြင်ဆင်နေမှုများကိုတင်ပြခဲ့သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများမှလည်း အသင်းများသို့ ပံ့ပိုးနေမှုများ၊ ခြေစမ်းပွဲစီစဉ်ထားရှိမှုများကို ပြန်လည်တင်ပြဆွေးနွေးခဲ့သည်။

Credit-Myanmar Football Federation

Comments