မြန်မာအလုပ်သမားများအရေးဒေါ်အောင်ဆန်းစုကြည် ထိုင်းသံအမတ်ကြီးနှင့်တွေ့

                        Image may contain: one or more people, people sitting and indoor

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းရောက်မြန်မာလုပ်သားများ 
အရေးနှင့်ပတ်သက်ပြီး ယနေ့(ဇွန်လ၃၀ရက်) နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

"မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေကို နားလည်တယ်။ အဲဒီအပေါ်မှာတော့ ကျွန်တော်တို့က ဝင်ပြီးတော့ လျော့ချသွားဖို့ ပြောတာမျိုးတော့ မလုပ်ဘူးပေါ့နော်။ ဒါကတော့ ထိုင်းနိုင်ငံရဲ့ ပြည်တွင်း ဥပဒေလုပ်ဆောင်ချက်တွေကို နားလည်တယ်။ နံပတ်နှစ်အချက်ကဒီလိုမျိုး စည်းမျဉ်းစည်းကမ်းတွေ ပြောင်းတဲ့အခါမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအလုပ်သမားတွေက တချို့လည်း ကောင်းကောင်းမသိတာတို့ ဘာတို့ ဖြစ်တယ် ပေါ့နော်။ ဒုက္ခတွေ ကြုံတွေ့ရတဲ့အနေအထားမျိုး ဖြစ်တယ်ပေါ့။ အဲလိုရှိတော့ ဒီစည်းမျဉ်းစည်းကမ်းတွေကိုလည်း ထိုင်းသံရုံးကနေ ထုတ်ပြန်ပြီး လိုက်နာလုပ်ဆောင်ဖို့ ရှိနေတယ်ပေါ့။ထိုင်းအစိုးရအနေနဲ့ ဒီလိုမျိုး စပ်ကူးမတ်ကူးပေါ့နော် စည်းမျဉ်းတွေ ပြောင်းလဲတဲ့အခါမှာ နားလည်မှုပေးပြီးတော့ အချိန် အတိုင်းအတာ တစ်ခုထိ ပေးဖို့ပေါ့နော်။ နှစ်နိုင်ငံချစ်ကြည်ရေး ထောက်ရူ့ပြီးတော့ အဲလိုမျိုး နားလည်မှုရှိရှိ ဆောင်ရွက်သွားပေးဖို့လည်း ကျွန်တော်တို့က မေတ္တာရပ်ခံတာပေါ့။ မေတ္တာရပ်ခံလိုက်တဲအခါမှာ ထိုင်းနိုင်ငံက သူတို့လည်း နားလည်တယ်ပေါ့နော်။ ဒီအခြေအနေကို နားလည်တယ်။ သူတို့လည်း အလေးအနက်ထားပါတယ်။သူတို့အစိုးရကိုလည်း ပြန်လည်တင်ပြဆောင်ရွက်ပေးပါမယ်လို့ ပြောပါတယ်"ဟု ဦးဇော်ဌေးက ပြောသည်။
ထိုင်းအစိုးရသည် နိုင်ငံခြားသားအလုပ်သမားများ၏ အလုပ်တာဝန် စီမံခန့်ခွဲရေး အက်ဥပဒေစီမံချက်အရ တရားမဝင်အလုပ် လုပ်ကိုင်နေထိုင်နေသော နိုင်ငံခြားသားအလုပ်သမားများကို ဒဏ်ငွေ ဘတ်နှစ်ထောင်မှ လေးသိန်းအထိနှင့် ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း ထိုင်းအစိုးရက ဇွန်လ ၂၀ ရက်တွင် ကြေညာခဲ့သည်။
ထိုကြေညာချက်ထုတ်ပြန်အပြီးတွင် ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား ရာနှင့်ချီ ဖမ်းဆီးခံရပြီးနောက် လုံခြုံမှုမရှိတော့ဟုဆိုကာ မြန်မာလုပ်သားများ အလုံးအရင်းဖြင့် နေရပ်သို့ ပြန်လာနေခြင်းဖြစ်သည်။

ဓါတ်ပုံ - နိုင်ငံခြားရေး
သတင်း- ငြိမ်းချမ်း

Comments