ဧရာဝတီတိုင်းဒေသကြီး ဇီးချိုင်ရွာထဲပြောင်းရွှေ့လာတဲ့ ကြွက်များရှိနေသေးတဲ့အတွက် တစ်ကောင် ငွေကျပ် ၅၀ နှုန်းပေးပြီးသတ်ခိုင်းနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန်လ ၂ ရက်နေ့ကစတင်ဝင်ရောက်လာတဲ့ကြွက်တွေဟာ သည်ကနေ့အထိ ရွာထဲမှာအမြောက်အမြားရှိနေသေးတယ်လို့ ဇီးချောင်းကျေးရွာနေ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဟိန်းဇော်စိုးက ပြောပါတယ်။
“ဒီနေ့ဆိုရင် ကြွက်အကောင်ရေ ခုနှစ်ရာကျော် မီးရှို့လိုက်တယ်။ သူတို့ကနေ့ဘက်တွေဆို သစ်ပင်ပေါ်တွေမှာလည်းနေတယ်၊ ရွာထဲမှာလည်း တွေ့ရတယ် ကျန်းမာရေးဌာနကလည်း result (ရလဒ်) မရသေးဘူးဆိုတော့ လောလောဆယ် မပြန့်အောင် အခုလိုလုပ်ထားတယ်” လို့ သူကပြောပါတယ်။
ကြွက်များမပြန့်ပွားစေဖို့ ဇီးချိုင်နေလုံးနီစာကြည့်တိုက် ပရဟိတအဖွဲ့မှ ရန်ပုံငွေအသုံးပြုပြီး ကြွက် တစ်ကောင်ကို ငွေကျပ်ငါးဆယ်နှုန်းသတ်မှတ်ကာ ဝယ်ယူနေတယ်လို့ ဇီးချိုင်နေလုံးနီ ပရဟိတအဖွဲ့မှ ကော်မတီအဖွဲ့ဝင် ကိုမြလင်းက ဆိုပါတယ်။
“ရွာမပိုင်းနဲ့ အောင်မင်္ဂလာဆိုပြီး ရွာထဲမှာပဲ နှစ်နေရာခွဲထားတယ်။ ရွာထဲကမည်သူမဆို ဖမ်းမိတဲ့အကောင်တွေကို အဲ့နေရာမှာလာရောင်းကြတယ်။ ကျွန်တော်တို့ တစ်ကောင်ငါးဆယ်နဲ့ဝယ်တယ်။ ပြီးရင် မီးရှို့ပြီး မြေမြှပ်တယ်။” လို့ ကိုမြလင်းက ရှင်းပြပါတယ်။
လက်ရှိမှာ အဲ့သည်ကြွက်တွေက ဇီးချိုင်ရွာနဲ့ ၇ မိုင်ခန့်ဝေးတဲ့ ကျောက်ချောင်းရွာတွေကိုပါ ရောက်ရှိနေပြီလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် ဇီးချိုင်ကျေးလက် ကျန်းမာရေးဌာနခွဲနဲ့ ချိတ်ဆက်ပြီးတော့ ကြွက်များကို စမ်းသပ်မှုများပြုလုပ်နေတယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ပတ်သတ်ပြီး မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ကလည်း သူ့ရဲ့ဖေ့ဘွတ်ခ် စာမျက်နှာမှာ သတ္တဝါတွေရဲ့ ထူးဆန်းတဲ့အပြုအမူတွေက ဘယ်လိုအခြေအနေတွေမှာ ဖြစ်ပေါ်လေ့ရှိလဲဆိုတာကို ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ယခုလိုဖြစ်စဉ်မျိုး နှစ်ကြိမ်ခန့်ရှိခဲ့ဖူးတာဖြစ်ပြီး အဲ့ဒီဖြစ်စဉ်တွေမှာ သတ္တဝါတွေက ဘေးအန္တရာယ်တစ်ခုခုဖြစ်ပြီး ဒါမှမဟုတ် အစာရေစာ ရှားပါးတဲ့အတွက်ကြောင့် သူတို့ရဲ့မူလနေရာဟောင်းကိုစွန့်ပြီး အစာရေစာပေါများရာ လယ်ကွင်းတွေထဲကို ပြောင်းရွှေ့နေထိုင်ခဲ့ကြဖူးတယ်လို့ ဒေါက်တာထွန်းလွင်က ဖော်ပြထားပါတယ်။
ကြွက်၊ ဖျံ၊ မြွေ၊ ကင်းခြေများစတဲ့ သတ္တဝါတွေဟာ အပျက်အစီးများတဲ့ မြေငလျင်တွေမလှုပ်ခင် ရက်အတန်ကြာမှာ သူတို့နဲ့ဘေးလွတ်ရာ နေရာဒေသတွေကို ပြောင်းရွှေ့တတ်ကြောင်း သူ့ရဲ့လေ့လာမှုအရ အတွေ့အကြုံကို ဖော်ပြထားပါတယ်။
ဒါ့အပြင် ကြွက်များအုံနဲ့ကျင်းနဲ့ပြောင်းရွှေ့ခြင်းက သူတို့ရဲ့မူလနေရာမှာ အစာရေစာရှားပါးတာကြောင့်လည်း ဖြစ်နိုင်သလို မြေငလျင်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ သတိပေးဖော်ပြထားပါတယ်။
Credit-Kumudra
Credit-Kumudra
Comments
Post a Comment