ပဲခူးတွင် မိုးဦးကျ မီးလောင် နေအိမ်(၃)လုံးပြာကျ

ပဲခူးမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းအပိုင်၊ ကျွန်းသာယာရပ်ကွက်၊ ရွှေသာလျောင်းလမ်းမဘေးတွင် ဇွန်လ ၅ ရက်နေ့ ယနေ့ နံနက်(၁း၅၀)အချိန်ခန့်က မီးလောင်မှုတခုဖြစ်ပွားခဲ့ရာ နေအိမ်(၃)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ ဒေါ်စတီး(၆၅)နှစ်သည် ၀ါတွင်းဥပုတ်သည်များအတွက် နေအိမ်နောက်ဖေးမီးဖိုချောင်တွင် ထမင်းချက်ရာမှ မီးသွေးဖိုအနီးရှိ ပျဉ်နံရံအား မီးစတင်လောင်ကျွမ်းခဲ့ရာ ၄င်းတစ်ဦးတည်း မီးငြိမ်းသတ်စဉ် မနိုင်တော့ဘဲ နေအိမ်အား လောင်ကျွမ်းနေစဉ် တစ်ခြံတည်းနေ ဦးထွန်းလှ၊ ညီမဖြစ်သူ မမိမိနိုင်တို့မှ တွေ့ရှိ၍ ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခံခဲ့ပြီး မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားခဲ့ရာ ပတ်ဝန်ကျင်ရှိပြည်သူများနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ပါသည်။

မီးလောင်မှုကြောင့် ဒေါ်စတီး၏ (၃×၄)ပင် ပျဉ်ထောင်၊ ပျဉ်ခင်း၊သွပ်မိုး၊ အုတ်ဖိနပ်ခံ(၂)ထပ်အိမ်(၁)လုံး၊ အိမ်ချင်းကပ် ဦးလှဝင်းအောင် (၃×၄)ပင် ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုး၊ အုတ်ဖိနပ်ခံ(၂)ထပ်အိမ်(၁)လုံး၊ ဒေါ်လှသန်း(၆၅)နှစ် (၃×၄)ပင် ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုး၊ အုတ်ဖိနပ်ခံ(၂)ထပ်အိမ်(၁)လုံး၊ စုစုပေါင်းနေအိမ်(၃)လုံး မီးလောင်ကျွမ်းသွားခဲ့ရာ ကာလတန်ဖိုးငွေ (၄၅၆၀၀၀၀ိ)ကျပ်လေးဆယ်ငါးသိန်းခြောက်သောင်းခန့် ပျက်စီးဆုံးရှုံးသွားသဖြင့် စခန်းမှ မီးအားပေါ့ဆစွာ အသုံးပြုသူ ဒေါ်စတီးအား (ပ)၃၃၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၈၅အရအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Ko Thant Zin
Thit Htoo Lwin

Comments