ယခင်ခြေစွမ်းပြန်ရအောင် ကြိုးစားနေပြီး ဆီးဂိမ်းစ်တွင် ဆုတံဆိပ်တစ်ခုခုရရန် မျှော်မှန်းထားဟု ဆို


၂၀၁၇ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအ သင်းတွင် တစ်ကျော့ပြန် ပါ ဝင်လာခဲ့သော နာမည်ကြီး ကစားသမားများဖြစ်ကြ သည့် စန်းစန်းမော်နှင့် သန်းသန်းထွေးတို့က ယခင် ခြေစွမ်းပြန်ရရှိအောင် အစွမ်းကုန် ကြိုး စားနေပြီး ဆီးဂိမ်းစ်တွင် ဆုတံဆိပ် တစ်ခုခုရရန် မျှော်မှန်းထားကြောင်း ဇွန် ၁၆ ရက်တွင် ပြောသည်။ ပြီးခဲ့သော ၂၀၁၃ အိမ်ရှင်ဆီးဂိမ်းစ်ပြိုင်ပွဲပြီးကတည်းက အသက်ရွယ်ကြောင့် လက်ရွေးစင်ကစားသမားဘ၀မှ အနားယူထားသော အသင်းခေါင်းဆောင် စန်းစန်းမော်နှင့် ကွင်းလယ်ဖန်တီးရှင် သန်းသန်းထွေးတို့သည် လာမည့် မလေးရှားဆီးဂိမ်းစ်အတွက် ပြန်လည်ခေါ်ယူခြင်း ခံခဲ့ရသည်။ 'လက်ရွေးစင် အမျိုးသမီးအသင်းရဲ့ လိုအပ်ချက်ကြောင့် ပြန်ကစားပေးတာပေါ့နော်။ အသင်းမှာရှိတဲ့ နှစ်ဟောင်းကစားသမားတွေရယ်၊ အသစ်ထပ်ခေါ်ထားတဲ့ ကစားသမားတွေနဲ့ ကျန်ရှိနေတဲ့ နှစ်လလောက်အချိန်မှာ အကောင်းဆုံးဖြစ် အောင်ကြိုးစားသွားမယ်'ဟု စန်းစန်းမော် က ပြောသည်။

လာမည့်ဩဂုတ်လ ၁၉ရက်တွင် ကျင်းပမည့် မလေးရှားဆီးဂိမ်းပြိုင်ပွဲအတွက် လက်ရွေးစင်အမျိုးသမီးအသင်းကို ပြီးခဲ့သော မေလက စခန်းသွင်း ပြင်ဆင်နေခဲ့ခြင်း ဖြစ်ပြီး ကစားသမား ရှားပါးမှု အခက်အခဲကြောင့် စန်းစန်းမော်၊ သန်းသန်းထွေး၊ သန္တာမိုး အစရှိသည့် လက်ရွေးစင် ကစားသမားဟောင်းအချို့ကို ပြန်လည်ခေါ်ယူခဲ့ရသည်။ ထို့ပြင် လက်ရွေးစင်အမျိုးသမီးအသင်း၏ အဓိကအားထားရသော ကစားသမား မေသူ ကျော်မှာ ဒဏ်ရာပြဿနာကြောင့် ဆီးဂိမ်းစ်တွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။ 'လိဂ်ပွဲမှာ ပြန်ကစားတယ်ဆိုတာက ကစားသမားကလည်းမရှိ၊ ကိုယ်ကလည်း ကစားချင်လို့ ပြန်ကစားခဲ့တာပေါ့။ လက်ရွေးစင်က ကိုယ့်ကို လိုအပ်တဲ့အချိန်မှာ ပြန်ကစားဖို့ပြောတယ်။ ကိုယ်ပေးဆပ်နိုင်သလောက်အကောင်းဆုံးတော့ လုပ်ပေးဖို့ အခွင့်အရေးတစ်ခု ရခဲ့တာပေါ့နော်။ လိဂ်ပွဲတွေမှာတော့ ကစားတာ ကိုယ့် ကိုယ်ကိုယ် စိတ်တိုင်းကျမရှိခဲ့ဘူး။ သိပ်ပြီးတော့ အားမရဘူး။ ပြီးတော့လည်း အခု ကမ့်ပြန်ဝင် တယ်ဆိုတာကလည်း နှစ်လလောက်ပဲ ကိုယ့်အတွက် အချိန်ရမှာဆိုတော့ အရင်ကစားခဲ့ ခြေစွမ်းတွေပြန်ရဖို့ အများကြီး ကြိုးစားမယ်။ ပိုပြီး အာရုံစိုက်သွားမယ်' ဟု သန်းသန်းထွေးက ပြောသည်။

#Credit #ပြည်​မြန်​မာ

#MFFG

Comments