လေးနိုင်ငံဖိတ်ခေါ် ဖလားပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိရန် ကြိုးစားမည်ဟု စည်သူအောင် ဖွင့်ဟ

                        Image may contain: 2 people, people smiling, outdoor
ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ဇွန် ၂၈ ရက်တွင်ကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲ (KBZ Bank Cup 2017) ပြိုင်ပွဲတွင် မြန်မာ ယူ-၂၂ အသင်းနေဖြင့် ချန်ပီယံဆုကို ရရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်း အသင်း ခေါင်းဆောင် စည်သူအောင် ထံမှ သိရသည်။

''ကျွန်တော်တို့အနေနဲ့ KBZ Bank Cup ပြိုင်ပွဲအတွက် အဆင်သင့် ဖြစ်နေပါပြီ။ လိုအပ်ချက်တွေ ရှိနေသေး ပေမယ့် အားလုံးကြိုးစား ကြမှာပါ။ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ကြိုးစားသွားမယ်လို့ ကတိပေးပါတယ်'' ဟု စည်သူ အောင်က ပြောသည်။

မြန်မာနိုင်ငံ ဘောလုံးဖွဲ့ချုပ်သည် လေးနိုင်ငံဖိတ်ခေါ် ဖလားပြိုင်ပွဲကို ဇွန် ၂၈ရက်မှ ဇူလိုင် ၂ရက်အထိ တစ်ရက် လျှင် နှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ ယူ-၂၂ အသင်း၊ ကမ္ဘောဒီးယား ယူ-၂၂၊ ဟောင်ကောင် ယူ-၂၂ နှင့် ဂျပန်တက္ကသိုလ် အသင်းတို့ ပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းမှာ အဖွင့်ပွဲစဉ်အဖြစ် ဇွန် ၂၈ ရက်တွင် ကမ္ဘောဒီးယားယူ-၂၂ အသင်း၊ ဇွန် ၃ဝ ရက်တွင် ဟောင်ကောင် ယူ-၂၂ အသင်း၊ ဇူလိုင် ၂ ရက်တွင် ဂျပန် တက္ကသိုလ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစား သွား မည်ဖြစ်သည်။

မြန်မာယူ-၂၂ အသင်းသည် ယခုပြိုင်ပွဲ မတိုင်မီ MNL All- Star အသင်းကို ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ယင်းပွဲစဉ်မှ စတင်ကာ စည်သူအောင်ကို အသင်း ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#မြဝတီ #MFFG

Comments