ဂျပန်ဘုရင် အကီဟီတို ထီးနန်းစွန့်ရေးအတွက် နောက်ထပ် အရေးပါသည့် ခြေလှမ်းတစ်ရပ်အဖြစ် လွှတ်တော်က ယင်းအစီအစဉ်ကို အတည်ပြုပေးလိုက်သည်။ထို့ကြောင့် အကီဟီတိုသည် ၂၀၁၈ တွင် ထီးနန်းစွန့်ရန် သေချာသလောက် ရှိသွားပြီဖြစ်ပြီး နှစ်ပေါင်း ၂၀၀ အတွင်း ဂျပန်အင်ပါယာ၏ ပထမဆုံး နန်းစွန့်ဘုရင်အဖြစ် မှတ်တမ်းဝင်လာမည်ဟု သိရသည်။ သက်တော် ၈၃ နှစ်အရွယ် ဘုရင်ကြီး၏ အရိုက်အရာကို အိမ်ရှေ့မင်းသား နာရူဟီတိုက ဆက်ခံမည် ဖြစ်သည်။
ဘုရင်ကြီး အကီဟီတိုက ၎င်း၏ အသက်အရွယ်နှင့် ကျန်းမာရေး အခြေအနေအရ တော်ဝင် မိသားစု၏ လုပ်ငန်းတာဝန်များကို ဦးဆောင်ဦးရွက်ပြုရန် အလွန်ခက်ခဲနေပြီဟုဆိုကာ ထီးနန်းစွန့်ရန် ဆန္ဒရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့ဖူးသည်။
သို့သော် ဂျပန်ဘုရင် တစ်ပါးအနေဖြင့် ထီးနန်းစွန့်နိုင်ကြောင်း ဥပဒေ သတ်မှတ်ထားမှု မရှိသဖြင့် လွှတ်တော်က ထိုကိစ္စကို ဆွေးနွေးခဲ့သည်။ လွှတ်တော် အတည်ပြုချက် ရရှိပြီးနောက် ဂျပန် အစိုးရသည် အိမ်ရှေ့မင်းသား နာရူဟီတိုထံ ထီးနန်းလွှဲအပ်ရေးကို စတင် စီစဉ် ဆောင်ရွက်နိုင်မည် ဖြစ်သည်။
အကီဟီတိုသည် ၎င်း၏ နန်းစံသက်အတွင်း ဆီးကြိတ်ကင်ဆာ ကုသမှု ခံယူဖူးသလို နှလုံးလည်း ခွဲစိတ်ခဲ့ဖူးသည်။ ၎င်းသည် ခမည်းတော် ဟီရိုဟီတို နတ်ရွာစံသည့် ၁၉၈၉ ခုနှစ်ကတည်းက ဂျပန်ထီးနန်းကို စိုးစံနေခဲ့ခြင်း ဖြစ်သည်။
Ref: Reuters
Comments
Post a Comment