အွန်လိုင်းမှာလက်နက်ရောင်းမှုနဲ့ စစ်အရာရှိ ၁၂ ဦးနဲ့ အရပ်သား ၇ ဦးကို ထိုင်း ဖမ်း

ဇွန် ၈ – အွန်လိုင်းမှာလက်နက်ရောင်းချတယ်လို့ သံသယရှိမှုနဲ့ စစ်ဘက်ဆိုင်အရာရှိ ၁၂ ဦးနဲ့ အရပ်သား ၇ ဦး တို့ကိုဖမ်းဆီးခဲ့တယ်လို့ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာလမ်ချိုင်းဆစ်ထီဆတ် က ဗုဒ္ဓဟူးနေ့ကပြောပါတယ်။ ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ရဲ့ ဒုတိယရဲချုပ် ဗိုလ်မှူးကြီး ဆူထီးနတ်ကန်ထီး က ပြည်နယ် ၁၅ ခုထဲက ဒေသ ၂၂ ခုကိုလက်နက်တွေ ထုပ်ပိုးပို့ဆောင်ခဲ့တယ်လို့စွပ်စွဲခံထားရတဲ့ သံသယရှိသူတွေနဲ့အတူ သည်အမှုနဲ့ ပတ်သက် နေတဲ့လူ ၇ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့ပြောပြပါတယ်။
အွန်လိုင်းကနေလက်နက်တွေရောင်းချနေမှုကို စုံစမ်းစစ်ဆေးမှုနဲ့ လေတပ်အရာရှိတစ်ဦးပါဝင်နေတဲ့ ထရက်ပြည်နယ်မှာ စစ်တပ်သုံးလက်နက်တွေတင်ဆောင်ထားတဲ့ ပစ်ကပ်ကားကိုမောင်းပြေးသွားတဲ့နောက်ထပ် အမှုတစ်မှုတို့ဟာ မကြာသေးခင်က ဘန်ကောက်ဗုံးပေါက်ကွဲမှုတွေနဲ့ဆက်စပ်မှုမရှိဘူးလို့ပြောပါတယ်။ စစ်တပ်လိုမျိုးပဲ ဘယ်အဖွဲ့အစည်းမှာမဆို လူကောင်းရောလူဆိုးပါ ရှိနေနိုင်တယ်။ ဒါပေမယ့် အပြစ်ကျူးလွန် ထားသူကိုအကာကွယ်မပေးသင့်သလို ဥပဒေနဲ့အညီအပြစ်ပေးသင့်တယ်လို့လည်း သူက ဆိုပါတယ်။အွန်လိုင်းကနေ လက်နက်တွေရောင်းချနေတယ်လို့ သံသယရှိခံရသူတွေထဲမှာ ဘန်ကောက်အခြေစိုက် လက်နက်တွေ၊ ယာဉ်တွေနဲ့ စစ်ဘက်သုံးကိရိယာတွေကိုစောင့်ကြည့်စစ်ဆေးရတဲ့ အသက် ၂၈ နှစ်အရွယ် တပ်ကြပ်ကြီး ထာနာကွန်ဘွန်ကန်း လည်းပါဝင်ပါတယ်။ သူဟာ အခြားသူတွေနဲ့အတူ line နဲ့ဖေ့စ်ဘုတ်ခ် ချက်ဂရု တွေကနေတဆင့် လက်နက်တွေကိုရောင်းချဖို့လုပ်ဆောင်တာတွေရှိပါတယ်။ သူဟာ ပြီးခဲ့တဲ့သီတင်းပတ်က တပ်ကြပ် Isarapong Phrombutr အမည်နဲ့ ဘန်ကောက်မှာရှိတဲ့ Kerry Express ချောပို့လုပ်ငန်းကနေ ပါဆယ်ထုတ်တွေပေးပို့နေတာကိုရိုက်ကူးရရှိထားတဲ့ စောင့်ကြည့်ကင်မရာဗီဒီယိုဖိုင်ကို စစ်ဆေးပြီးနောက်မှာ ထာနာကွန်ကို စစ်အကျဉ်းထောင်ကိုပို့ဆောင်ခဲ့ပါတယ်။ Kerry Express ချောပို့လုပ်ငန်းမှာပဲ Isarapong နာမည်နဲ့ပေးပို့ထားတဲ့ ပိုင်ရှင်မဲ့ ပါဆယ်ထုတ်ထဲမှာ လက်ပစ်ဗုံး တွေကို ရဲတပ်ဖွဲ့ကအစောပိုင်းမှာရှာတွေ့ခဲ့ပါတယ်။ သည်ရှာတွေ့မှုကနေတဆင့်ပေါ်ပေါက်လာတဲ့ စုံစမ်း စစ်ဆေးမှု အတွင်း ပါဆယ်ထုတ်ကိုလက်ခံမယ့် အရပ်သားတွေဖြစ်ကြတဲ့ အစ္စရာပွန်၊ ထာနာကွန် နဲ့အခြားသူတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ပြည်တွင်းလုံခြုံရေးကွပ်ကဲရေးဌာနချုပ်မှာတာဝန်ထမ်းဆောင်နေတဲ့ လေတပ်အရာရှိတစ်ဦး ဖြစ်တဲ့ အသက် ၄၀ အရွယ်လေတပ်အုပ်ခွဲတပ်ကြပ်ကြီး ဖာခင်းဒက်ဖောင်း ဟာ တနင်္လာနေ့ကတည်းက ထရက်ပြည်နယ်အမှုမှာ ပါဝင်ပတ်သတ်နေတဲ့အကြောင်းကို ဝန်ခံခဲ့တယ်လို့ ချာလမ်ချိုင်းကဆိုပါတယ်။ သူဟာ ကမ္ဘောဒီးယားက လက်နက်ရောင်းချသူတွေထံကနေ မောင်းပြန်ရိုင်ဖယ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ လက်နက်ခဲယမ်းမီးကျောက်များစွာကိုဝယ်ယူပြီး တက်ခရိုင်ထဲမှာရှိတဲ့ Karen လူမျိုးဝယ်လက်တွေဆီကိုပြန်ရောင်း ချခဲ့တယ်လို့ ဖာခင်း ကအာဏာပိုင်တွေကိုပြောပြခဲ့ပါတယ်၊ ဖာခင်း ကိုစနေနေ့က ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦးအပါအဝင် သံသယရှိသူ ၂ ဦးနဲ့အတူ စစ်လက်နက်တွေကို လက်ဝယ်ပိုင်ဆိုင်ထားရှိမှုနဲ့စွဲချက်တင်ခဲ့ပါတယ်။
သူဟာ မောင်းပြန်ရိုင်ဖယ် ၂၇ လက်၊ AK-47 ကျည် ၁၄၇ တောင့်နဲ့ M 79အမျိုးအစား လက်ပစ်ဗုံး ၅၃ လုံးတို့ တင်ဆောင်ထားတဲ့သူ့ကားကို စစ်တပ်ပိုင်ကားလိုမျိုးပုံတူဖမ်းပြီး စစ်ဆေးမှုကိုရှောင်ရှားခဲ့တယ်လို့လည်း သူက ပြောပါတယ်။ သူဟာ အရင်ကလည်း ၂ ကြိမ်တိုင် လက်နက်ရောင်းချခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အခြားသံသယရှိသူ ၂ ဦးကပြစ်မှုကျူးလွန်ထားခြင်းမရှိဘူး၊လို့ငြင်းဆန်နေချိန်မှာ ဖာခင်း ကအမှုကိုဝန်ခံခဲ့တယ်လို့ သိရပါတယ်။ ဖာခင်းရဲ့ပစ်ကပ်ကားပေါ်က လက်နက်တွေဟာ ထိုင်းလက်နက်တိုက်က လက်နက်တွေမဟုတ်ဘူးလို့ ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝစ်ဝေါင်ဆူဝမ် ကပြောခဲ့ပါတယ်။
 မအေးသီမွန်
[Ref:The Nation; 7 June 2017]

Comments