စူပါဖလား သမိုင်းတစ်လျှောက် အကောင်းဆုံး ပြိုင်ဘက်နှင့် ရင်ဆိုင်ရမည့် အပေါ် ကျေနပ်မိကြောင်း မန်ယူနည်းပြ ဖွင့်ဟ
ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘောလုံးရာသီတွင် ယူရိုပါလိဂ် ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည့် မန်ယူအသင်း၏ နည်းပြ မော်ရင်ဟိုသည် ဥရောပ စူပါဖလားဗိုလ်လုပွဲစဉ်တွင် ရင်ဆိုင်ရမည့် နှစ်နှစ်ချန်ပီယံဖြစ်လာသည့် ရီးရဲလ်အသင်းနှင့်ပွဲစဉ်မှာ စူပါဖလား သမိုင်းတစ်လျှောက် အကောင်းဆုံးပွဲစဉ်ဖြစ်လာမည့်အပေါ် ကျေနပ်အားရမိကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
၂၇ နှစ်အတွင်း ချန်ပီယံလိဂ်ဆုဖလားအား နှစ်နှစ်ဆက်တိုက် ရရှိခဲ့သည့် ရီးရဲလ်အသင်းသည် လက်ရှိ ဥရောပစူပါဖလား ချန်ပီယံအသင်းအဖြစ် ရပ်တည်လျက်ရှိပြီး စံချိန်တင်အသင်းနှင့် ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမည့်အပြင် အသင်းဟောင်းနှင့် ပြန်လည်ရင်ဆိုင်ရမည့် အခြေအနေအတွက် နည်းပြမော်ရင်ဟိုက ကျေနပ်အားရနေခြင်းဖြစ်သည်။
'ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ရယူနိုင်တဲ့ အသင်းတွေအတွက် တကယ်ကိုဂုဏ်ယူချင်စရာ ကောင်းတဲ့ပြိုင်ပွဲအတွက် စိတ်လှုပ်ရှားမိပါတယ်။ ၂၇ နှစ်အတွင်း ချန်ပီယံဆုနှစ်ကြိမ် ဆက်တိုက်ရရှိခဲ့တဲ့ ရီးရဲလ်လိုအသင်းမျိုးနဲ့ ရင်ဆိုင်ရတာက ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာမှာပါ။ အထူးသဖြင့် စူပါဖလား ပြိုင်ပွဲသမိုင်းတစ်လျှောက် အကောင်းဆုံး ပွဲစဉ်ဖြစ်လာမှာတော့ အသေအချာပါပဲ''ဟု နည်းပြမော်ရင်ဟိုက ထုတ်ဖော်ပြောကြားခဲ့သည်။ နည်းပြဘဝ အောင်မြင်မှုများစွာရရှိခဲ့သည့် မော်ရင်ဟိုသည် ရီးရဲလ်အသင်းအား ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၃ ခုနှစ်အထိ သုံးနှစ်ကြာ တာဝန်ယူကိုင်တွယ်ခဲ့ပြီး လာလီဂါ၊ကိုပါ ဒယ်ရေးလ်၊ စပိန်စူပါဖလားများ ရယူပေးနိုင်ခဲ့သည့် အစဉ်အလာကောင်းများရှိခဲ့သည်။
WKM
Comments
Post a Comment