ဆင်းကတ် ၃ သိန်း၊ အိုင်ဖုန်း ၄၀၀ ကျော်နဲ့ အွန်လိုင်းရှော့ပင်းအတွက် လိုက်ခ်များအောင် လုပ်သူ ၃ ဦးကို ထိုင်းမှာ ဖမ်းမိ

ဇွန် ၁၃ – အွန်လိုင်းမှာ ကုမ္ပဏီတွေရဲ့လူကြိုက်များမှုတိုးတက်အောင်၊ ပစ္စည်းရောင်းရအောင် လိုက်ခ်တွေ၊ အဆင့်သတ်မှတ်ပေးမှုတွေ၊ အဓိပ္ပါယ်မရှိတဲ့ ကွန်မန့်တွေအများကြီး တက်အောင်လုပ်ပေးတဲ့ ကလစ်လုပ်ငန်း (Clickfarm)တွေဟာ အင်တာနက်ခေတ်မှာ ရှောင်လွှဲလို့မရဖြစ်လာပါတယ်။ ထိုင်းနိုင်ငံမှာ အဲဒီလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်မှုတစ်ခုကို မကြာသေးမီက စီးနင်းရှာဖွေခဲ့ပါတယ်။ ဘန်ကောက်ပို့စ်ရဲ့အဆိုအရ ထိုင်းရဲတွေ၊ စစ်သားတွေဟာ ကမ္ဘောဒီးယားနယ်စပ်အနီးက ငှားထားတဲ့ အိမ်တစ်အိမ်မှာ တရုတ်လူမျိုး ၃ ယောက်လုပ်နေတဲ့ ကလစ်လုပ်ငန်းတစ်ခုကို ဖော်ထုတ်ဖမ်းမိခဲ့ပါတယ်။
ဝမ်တုံ၊ နျူဘန်းနဲ့ နီဝန်ကျင်းတို့ဟာ အိုင်ဖုန်း 5S၊ 5C နဲ့ 4S ရာပေါင်းများစွာကို ကွန်ပျူတာမော်နီတာတွေနဲ့ ချိတ်ဆက်ထားပါတယ်။ စုစုပေါင်း အိုင်ဖုန်း ၄၇၄ လုံး၊ ထိုင်းမိုဘိုင်းအော်ပရေတာတွေရဲ့ မှတ်ပုံမတင်ရသေးတဲ့ ဆင်းကတ် ၃၄၇၂၀၀ ၊ ကွန်ပျူတာ ၁၀ လုံးနဲ့ တခြားဆက်စပ်အီလက်ထရောနစ်တွေကို သိမ်းဆည်းရမိ ခဲ့ပါတယ်။ ရဲတွေက ဒီလူတွေဟာ တရားမ၀င်ကောလ်စင်တာတစ်ခုကို လုပ်နေတယ်လို့ အစောပိုင်းက ထင်ခဲ့ကြပေမယ့် သံသယရှိသူတွေက သူတို့ဟာ တရုတ်ရဲ့အကြီးဆုံးဆိုရှယ်ကွန်ရက်ဖြစ်တဲ့ ၀ီချက်(WeChat) မှာ အကောင့်တု ကွန်ရက်လုပ်ဖို့ ပိုက်ဆံပေး ခိုင်းစေခံရတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘန်ကောက်ပို့စ်ရဲ့အဆိုအရ သူတို့သုံးယောက်ကို အမည်မဖော်သူ တရုတ်ကုမ္ပဏီတစ်ခုက ဖုန်းတွေပေးထားပြီး တစ်လကို ဘတ် တစ်သိန်းခွဲ (ဒေါ်လာ ၄၄၀၃) ပေးကာ တရုတ်ဝီချက်ပေါ်မှာရောင်းချတဲ့ကုန်ပစ္စည်းတွေကို အွန်လိုင်းသုံးသူ တွေ များများတွေ့အောင် ဆောင်ရွက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီလုပ်ငန်းကို ထိုင်းမှာ လာလုပ်ရတာက ထိုင်းရဲ့ စမတ်ဖုန်းသုံးခက သက်သာတဲ့အတွက် ဖြစ်ပါတယ်။ ၀ီချက်ရဲ့ ပြဿနာက အသစ်မဟုတ်ပါဘူး။ ၀ီချက်ကို လစဉ်သုံးသူ သန်း ၇၀၀ ကျော်ရှိပြီး အများစုက တရုတ်မှာ ဖြစ်ပါတယ်။ အလိုအလျောက်စကားပြန်ပြောတဲ့ ချက်ဘော့ (chatbot) တွေဟာ ဖောက်သည်တွေ ကို အလိုအလျောက်စကားပြန်ပြောဖို့ ကုမ္ပဏီတွေက တရားဝင်သုံးကြပေမယ့် တခါတလေ အလွန်အကျွံသုံးစွဲ ပြီး ဂရုတွေကို ကြော်ငြာတွေ ပုံအောပြီး ပို့တာ၊ ဘရန်းတွေကို လိုက်ခ်လုပ်တဲ့သူ၊ ဖောလိုးလုပ်တဲ့သူ အလွန်အမင်းမြင့်တက်လာအောင် သုံးတာက ဥပဒေနဲ့မညီညွတ်ပါဘူး။ လူ ၃ ဦးကို ဗီဇာရက်လွန်နေထိုင်မှု၊ ပါမစ်မရှိဘဲ အလုပ်လုပ်မှု၊ မှတ်ပုံတင်မထားတဲ့ ဆင်းကတ်တွေသုံးမှုနဲ့ မှောင်ခိုကုန်ကူးမှုတို့နဲ့ ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်က ဆိုပါတယ်။
ထိုင်းမှာ ပါမစ်မရှိဘဲ အလုပ်လုပ်ရင် ထောင် ၅ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၂၀၀၀ ကနေ ၁၀၀၀ ကြား၊ သို့မဟုတ် ပြစ်ဒဏ် ၂ ခုစလုံး ကျခံရနိုင် ပါတယ်။ ရဲတွေက ဒီလောက်များတဲ့ဖုန်းတွေကို နိုင်ငံထဲ ဘယ်လို ခိုးသယ်ခဲ့တယ်၊ ဒီလောက်များတဲ့ ဆင်းကတ်တွေကို ဘယ်လိုရရှိခဲ့တယ်ဆိုတာ စုံစမ်းနေပါတယ်။ ထိုင်းမှာ ဆင်းကတ်တွေကို အသုံးပြုတာနဲ့တပြိုင်နက် သုံးစွဲသူရဲ့ အချက်အလက်တွေကို မှတ်ပုံတင်ထားရတာဖြစ်ပါတယ်။
စုပြည့်စုံ
ref: theverge, June 13th

Comments