မနီလာရှိ ကာစီနိုရုံတစ်ခုတွင် သေနတ်သမား တစ်ဦးကြောင့် မီးလောင်ပြီး လူ ၃၀ ကျော်သေဆုံး

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်ရှိ ကာစီနိုရုံ တစ်ခုတွင် သေနတ်သမား တစ်ဦးကြောင့် မီးလောင်မှု ဖြစ်ပွားပြီး လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ပြည်တွင်း မီဒီယာများက မနီလာရှိ Resorts World Manila ဟိုတယ်နှင့် ကာစီနို ခန်းမတွင် မီးလောင်မှု ဖြစ်ပွားပြီး ရုပ်အလောင်း ၃၄ ခုထက်မနည်းကို ရဲများက ရှာဖွေ တွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ သေနတ်သမားမှာ တစ်ကိုယ်တော်ဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း အဆုံးစီရင်သွားခဲ့သည်။
အလောင်းအများစုမှာ ကျည်ဆန်မှန်ခြင်း မဟုတ်ဘဲ သေနတ်သမားက ကာစီနိုရုံတွင်း စားပွဲများကို မီးတင်ရှို့သဖြင့် မီးခိုးမွှန်ပြီး အသက်ရှူကျပ် သေဆုံးနေခဲ့ခြင်းဟု စစ်ဆေး တွေ့ရှိခဲ့သည်။ ရဲတပ်ဖွဲ့က တရားခံသည် ကာစီနို ရုံထဲရှိ TVများကို ဦးစွာ ပစ်ခွဲပြီး နီးရာလူများကိုပါ စတင်၍ ရမ်းကား ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။
ဇွန် ၂ ရက် အစောပိုင်းက ဖြစ်ပွားသော ပစ်ခတ်မှုတွင် ကနဦးက အသေအပျောက် မရှိဟု ရဲများက ကြေညာသော်လည်း ထို့နောက်တွင်မူ နာရီပိုင်းအတွင်း အလောင်းများကို ရှာတွေ့လာခြင်း ဖြစ်သည်။ ယခုဖြစ်စဉ်သည် အကြမ်းဖက်မှုနှင့် ဆက်စပ်ခြင်း မရှိနိုင်ဘဲ ဓားပြတိုက်ရင်း အခြေအနေဆိုးများ ပေါ်ပေါက်လာခြင်းဟု ရဲများက ကောက်ချက်ဆွဲထားသည်။
ကာစီနိုရုံထဲမှ လွတ်မြောက်လာသည့် လူပေါင်း ၅၀ ခန့်မှာ ဒဏ်ရာများ၊ အသက်ရှူ မွန်းကျပ်မှုများကြောင့် ဆေးရုံတွင် ကုသမှု ခံယူခဲ့ရသည်။ ရဲတပ်ဖွဲ့က သေနတ်သမား မည်သူမည်ဝါ ဆိုသည်ကို မကြေညာသေးချေ။ ၎င်းသည် ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီး သေကြောင်းကြံသွားကြောင်း သိရသည်။
ထိုသူသည် ချေမှုန်းရေး ရိုင်ဖယ်တစ်လက်ဖြင့် ကာစီနိုရုံထဲရှိ TVကြီးများကို စတင်ပစ်ခွဲရာ လူအများ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြသည်။ ထို့နောက် ၎င်းက ကာစီနို စားပွဲများကို မီးတင်ရှို့ကာ ပီဆိုငွေ ၁၁၃ သန်း (ဒေါ်လာ ၂.၃ သန်း)မျှ တန်ဖိုးရှိသည့် ကာစီနိုချစ်ပ်များကို ကျောပိုးအိတ်ထဲ ထည့်ယူခဲ့သည်။
သို့သော် ဟိုတယ်ဘက်သို့ ထွက်ပြေးရင်း ကျောပိုးအိတ် ကျန်ခဲ့ပြီး ဟိုတယ်ခန်း တစ်ခုထဲတွင် ပိတ်မိနေသည်။ “ပြီးတေ့ သူ့ကိုယ်သူ စောင်ပတ်ပြီး ဓာတ်ဆီလောင်း၊ မီးရှို့လိုက်ပုံရတယ်”ဟု ဖိလစ်ပိုင် အမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲ ရော်နယ်လ် ဒီလာရိုဆာက ဇွန် ၂ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ကာစီနိုရုံတွင် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လုံခြုံရေး တပ်ဖွဲ့များက အဆိုပါ ဧရိယာကို ပိတ်ဆို့ပြီး တရားခံကို ဖြန့်ကျက် ရှာဖွေခဲ့သည်။ ထို့နောက် သေနတ်သမား၏ အလောင်းကို တွေ့ရှိပြီး ရှာဖွေရေး လုပ်ငန်းစဉ်ကို ရပ်ဆိုင်းခဲ့သည်။
Resorts World Manila၏ အစောပိုင်း ကြေညာချက်တွင် တရားခံသည် မိမိကိုယ်ကို မီးတင်ရှို့ပြီးနောက် သေနတ်ဖြင့်ပါ ပစ်ပြီး အဆုံးစီရင်ခဲ့ကြောင်း ဖော်ပြပါရှိသည်။
Ref: EPA
credit-7Day News Journal

Comments