နေပြည်တော်အသင်းကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယား ဦးဆောင်ခွင့် ရရှိသွားခဲ့သည့် ရှမ်းယူနိုက်တက်


MNL I MAX CEMENT 2017 ပွဲစဉ်(၁၆) ဒုတိယနေ့ ပြိုင်ပွဲများအပြီး၌ အမှတ်ပေးဇယား အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းက နေပြည်တော်အသင်းကို သုံးဂိုး
ပြတ် အနိုင်ရရှိကာ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားကို ရမှတ် ၃၈ မှတ်ဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဇွန်လ ၂ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် နေပြည်တော်အသင်းနှင့် ရှမ်းယူနိုက်တက်တို့ပွဲတွင် (၀-၃) ဂိုးဖြင့်
ရှမ်းအသင်းက အနိုင်ရရှိခဲ့သည်။
ရှမ်းအသင်းအနေဖြင့် နေပြည်တော်နှင့် ပွဲတွင် အင်္ဂလန်နောက်ခံလူ ပက်ထရစ်ပါဝင်နိုင်ခဲ့ခြင်း မရှိသော်လည်း နိုင်ပွဲတစ်ပွဲကို အမှားအယွင်းမရှိ ပုံဖော်နိုင်ခဲ့သည်။ ရှမ်းအသင်းအတွက် ဦးဆောင်ဂိုးကို ၁၄ မိနစ်တွင် တိုက်စစ်မှူး ဒွေးကိုကိုချစ်က ရယူပေးခဲ့ပြီး ဒုတိယဂိုးကို လူစားဝင် ကစားသမား ချစ်စုမိုးက ပွဲချိန် ၅၀ မိနစ်တွင် လှလှပပ ကန်သွင်းရယူပေးခဲ့သည်။
ရှမ်းအသင်းအတွက် အနိုင်သေချာစေမည့် တတိယမြောက် ဂိုးကို ၈၃ မိနစ်တွင် ဟိန်းသီဟဇော်၏ ဖန်တီးမှုမှ တစ်ဆင့် ခရစ္စတိုဖာက အမှားအယွင်းမရှိ ရယူပေးခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၁ ရက်က ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်များတွင် မကွေးအသင်းက ရန်ကုန်အသင်းကို ၂-၁ ဂိုး၊ ရတနာပုံအသင်းက ချင်းအသင်းကို ၆-၁ ဂိုးနှင့် ဧရာဝတီယူနိုက်တက်အသင်းက ဂျီအက်ဖ်အေအသင်းကို တစ်ဂိုး၊ ဂိုးမရှိတို့ဖြင့် အနိုင်ရရှိခဲ့ကြသည်။ ထို့နောက် ရတနာပုံအသင်းက အမှတ်ပေးဇယားကို ယာယီဦးဆောင်ခွင့် ရရှိခဲ့သော်လည်း ရှမ်းအသင်းအနေဖြင့် ရန်ကုန်အသင်း၏ ခြေချော်မှုကို အခွင့်အရေးယူကာ ဇယားထိပ်ပိုင်းကို တက်လှမ်းလာနိုင်ခဲ့ခြင်းဖြစ်သည်။
ဒုတိယအကျော့တွင် ရလဒ်ကောင်းများ ရရှိရန် ရုန်းကန်နေရသည့် ရန်ကုန်အသင်းအနေဖြင့် အဆင့် ၁ နေရာမှ အဆင့် ၃ နေရာသို့ ရောက်ရှိသွားခဲ့သည်။
ယနေ့ကျင်းပခဲ့သည့် အခြားပွဲစဉ်တစ်ခုတွင် ဟံသာဝတီအသင်းက ဇွဲကပင်အသင်းကို ညီညီအောင်(၂) ၏ နောက်ကျ အနိုင်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဇွန်လ ၃ ရက် ညနေ ၃း၃၀ တွင် ပွဲစဉ်(၁၆) လက်ကျန်ပွဲစဉ်အဖြစ် အဆင့် ၈ နေရာမှ ဆောက်သမ်းမြန်မာနှင့် အဆင့် ၆ နေရာမှ ရခိုင်အသင်းတို့ မော်လမြိုင်ကွင်း၌ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
Credit-
Myanmar National League

Comments