MFFနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ဥရောပအခြေစိုက် နာမည်ကြီးကလပ်လေးသင်းမှ ကမ်းလှမ်းထားပြီး ငွေကြေး ပိုင်းဆိုင်ရာများညှိနှိုင်းလျက်ရှိသည့်အပြင် သက်ဆိုင်ရာ ကလပ်အသင်းများ၏ နည်းစနစ်များကို လေ့လာသုံးသပ်လျက်ရှိကြောင်း MFFအထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ထုတ်ဖော်ပြောကြားခဲ့သည်။






ဥရောပအခြေစိုက် နာမည်ကြီးကလပ်လေးသင်းဖြစ်သည့်ဂျာမနီ ဘွန်ဒက်စ်လီဂါအသင်းများဖြစ်သော ဒေါ့မွန်၊ဝုဖ်ဘတ်၊စီးရီးအေမှ အင်တာမီလန်၊ လာလီဂါမှ ဗလင်စီယာတို့မှာMFFနှင့် လူငယ်ဖွံ့ဖြိုးရေး၊နည်းပြများ အရည်အသွေးမြှင့်တင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိနေ
ပြီး လက်ရွေးစင်အသင်းများ ဥရောပသို့ လေ့ကျင့်ခြေစမ်းခရီးထွက်ပါက နေထိုင်လေ့ကျင့်နိုင်ရေးအတွက်လည်းစီစဉ်ပေးမည်ဖြစ်ကြောင်းသိရသည်။
"အင်တာမီလန်နဲ့ဝုဖ်ဘတ်အပြင် ဒေါ့မွန်နဲ့ဗလင်စီယာအသင်းတွေက ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်လို့ပူးပေါင်းထားပါတယ်။ အင်တာမီလန်ဆိုရင် နည်းပြ၃ယောက်ကို ဒီကဖွင့်တဲ့ ဘောလုံးအကယ်ဒမီတွေမှာထားပေးမယ်။
၃လလေ့ကျင့်ပေးမယ်။ ၃လလေ့ကျင့်ပေးပြီးတာနဲ့ နောက်တစ်ကျော့မှာ ပြည်တွင်းနည်းပြတွေ အရည်အသွေးမြင့်တက်လာအောင် သူတို့ဆီက နည်းစနစ်ကျွမ်းကျင်သူတွေလွှတ်ပြီး နှစ်ပတ်ကြာသင်ကြားပေးမယ်။ နောက်တစ်ခုကမီလန်ကိုသွားပြီး သင်တန်းတွေတက်ရမယ်။ လက်ရွေးစင်အသင်းတွေမီလန်ကို လေ့ကျင့်ခြေစမ်းခရီးစဉ်သွားရင်လည်းသူတို့စီစဉ်ပေးပါလိမ့်မယ်။ လူအရေအတွက်က ကြိုက်သလောက်ခေါ်လို့ရတယ်။ ကုန်ကျစရိတ်ကတော့ ကိုယ့်ဘာသာကျခံရမှာပေါ့။ ကျန်တဲ့ကလပ်တွေလည်း အင်တာမီလန်နဲ့ပုံစံတူကမ်းလှမ်းထားပါတယ်"ဟု ဦးကိုကိုသိန်းက ပြောဆိုခဲ့သည်။
ဆက်လက်ပြီး MFFသည် အကျိုးတူပူးပေါင်းဆောင်ရွက်ရန်ကမ်းလှမ်းထားသော ကလပ်အသင်းများနှင့် ငွေကြေးပိုင်းဆိုင်ရာများ ညှိနှိုင်းလျက်ရှိနေသလို နည်းစနစ်ပိုင်းမျရးကိုလည်း လေ့လာလျက် ရှိနေကြောင်းသိရသည်။
"အင်တာမီလန်က အကျိုးတူပူးပေါင်းဖို့ ယူရိုနှစ်သိန်းတောင်းတယ်။ ညှိနှိုင်းလိုက်တော့ ဒေါ်လာ၅သောင်းအထိ ကျသွားတယ်။ ဒေါ့မွန်က ၈သောင်းတောင်းထားပါတယ်။ ဝုဖ်ဘတ်ကတော့ ငွေပမာဏမပြောသေးဘူး။ ဗလင်စီယာကတာ့ကမ်းလှမ်းထားပေမယ့် အသေးစိတ်မပြောသေးပါဘူး။
သက်ဆိုင်ရာကလပ်အသင်းတွေရဲ့ဘောလုံးနည်းစနစ်တွေနဲ့ ကျွန်တော်တို့ အဆင်ပြေမလားဆိုတာ စဉ်းစားရပါမယ်။
ဒီအပိုင်းကို နည်းစနစ်ဒါရိုက်တာအဖွဲ့က လေ့လာသုံးသပ်နေပါတယ်"ဟု ၎င်းက တဆက်တည်းပြောကြားခဲ့သည်။

Comments