မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှယူ-၂၃ ခြေစစ်ပွဲ အုပ်စု (F) မှ အသင်းများအနက် ဥရောပ အခြေစိုက် ကလပ်အသင်းများတွင် ကစားနေသော ကစားသမားများ ပါဝင်သည့် သြစတြေးလျယူ-၂၃ အသင်းသည် ယမန် နေ့က မြန်မာနိုင်ငံသို့ စောစီးစွာ ရောက်ရှိလာကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိလာသော သြစတြေးလျအသင်း ကစားသမားစာရင်းတွင်
ဥရောပအခြေစိုက် ကလပ်အသင်းများမှ ကစားသမား ငါးဦးဖြစ်သည့် အင်္ဂလန်
ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ် အသင်းဂိုးသမား သောမတ်စ် ဂလိုဗာ၊
အင်္ဂလန်လိဂ်-၂ မှ မိုကမ်ဘီ အသင်းဂိုးသမား ဒယ်နီရယ်နီဇစ်၊
ဂျာမန်ဘွန်ဒက်စ်လီဂါ(၂)ကလပ် အိမ့်ထရက်ခ်ျ အသင်းမှ တိုက်စစ်မှူး
မီလိုဆလပ်ပိုပိုဗစ်၊ နယ်သာလန် NEC ကလပ်မှ စတီဖင်မာ့ခ်၊ ဒိန်းမတ်ကလပ်
မစ်ဂျေးလန်း အသင်းမှ တိုက်စစ်မှူး မာဘီလ်တို့နှင့်အတူ ကစားသမား ၂၃ ဦး
လိုက်ပါလာကြောင်း သိရသည်။
အာရှယူ-၂၃ ခြေစစ်ပွဲ အုပ်စု (F)တွင် အိမ်ရှင်မြန်မာ အသင်းအပါအဝင် သြစတြေးလျ ယူ-၂၃၊ စင်ကာပူ ယူ-၂၃ နှင့် ဘရူနိုင်း ယူ-၂၃ အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး သြစတြေးလျ ယူ-၂၃ အသင်းမှာ ပြိုင်ပွဲဝင် အသင်းများအနက် ယမန်နေ့က အစောဆုံးရောက်ရှိပြီး ကျန်သည့် စင်ကာပူ ယူ-၂၃ နှင့် ဘရူနိုင်း ယူ-၂၃ အသင်းတို့မှာ ဇူလိုင် ၁၇ ရက် တွင် ထပ်မံရောက်ရှိ လာမည်ဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ယင်းပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ဇူလိုင် ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်၌ ကျင်းပ ရန်စီစဉ်ထားပြီး ပြိုင်ပွဲကို ဇူလိုင် ၁၉ ရက်တွင် သုဝဏ္ဏ အားကစားကွင်း၌ စတင်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
#Credit #MWD
#MFFG
........

Comments
Post a Comment