
(၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ယနေ့ နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ၌ကျင်းပရာ မြန်မာ ယူ-၂၂ အမျိုးသားအသင်းသည် အုပ်စုအနေအထားအရ ဆီမီးဖိုင်နယ်တက်ရောက်ရန် အခွင့်အရေးကောင်းများရှိလာခဲ့ပြီး စင်ကာပူအသင်းနှင့် အုပ်စုတွင်း နှစ်ကြိမ်ဆက်တွေ့ဆုံခဲ့သည်။
အမျိုးသားပြိုင်ပွဲတွင် အရှေ့တောင်အာရှ ၁၀ နိုင်ငံစလုံး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု(က)တွင် အိမ်ရှင် မလေးရှား၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ မြန်မာအသင်းသည် အုပ်စု(ခ)နှင့်ယှဉ်လျှင် အုပ်စုချောင်နေသောကြောင့် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန် အခြေအနေကောင်းနေသည်။ အုပ်စု(ခ)တွင် လက်ရှိချန်ပီယံ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ တီမောနှင့် ဖိလစ်ပိုင်အသင်းတို့ ပါဝင်လျက်ရှိသည်။
မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်ရန် မလေးရှား၊ စင်ကာပူတို့နှင့် အပြိုင်လုရဖွယ်ရှိနေပြီး စင်ကာပူအသင်းနှင့်ဆီးဂိမ်းပြိုင်ပွဲတွင် နှစ်ကြိမ်ဆက်တွေ့ဆုံခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ၂၀၁၅ ပြိုင်ပွဲတွင် တွေ့ဆုံစဉ်က စင်ကာပူအသင်းကို ၂ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ငါးသင်းသာရှိသောကြောင့် အုပ်စုမခွဲဘဲ ပတ်လည်စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို မူလကခြောက်သင်းယှဉ်ပြိုင်ရန် စာရင်းပေးထားသော်လည်း စင်ကာပူအသင်း နုတ်ထွက်သွားသောကြောင့် ငါးသင်းသာကျန်ရှိနေတာ့ခြင်း ဖြစ်သည်။
ဆီးဂိမ်းအမျိုးသမီးပြိုင်ပွဲတွင် အိမ်ရှင် မလေးရှား အပါအ၀င် ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး ပတ်လည်စနစ်ဖြင့်ကစားကာ အမှတ်အများဆုံး နှစ်သင်းမှာ ဗိုလ်လုပွဲ၊ အဆင့် ၃/၄ နေရာရအသင်းမှာ တတိယနေရာလုပွဲကစားရမည် ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူနိုင်ခြင်း မရှိသေးဘဲ အမြင့်ဆုံး ငွေတံဆိပ်သာရရှိဖူးကြောင်း သိရသည်။
မြန်မာအမျိုးသားဘောလုံးအသင်းသည် ဆီးဂိမ်းရွှေဆုကို ၁၉၇၃ ခုနှစ်တွင် နောက်ဆုံးရရှိခြဲ့ပီး ၂၀၁၅ ပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သော်လည်း ငွေဆုဖြင့်သာကျေနပ်ခဲ့ရ သည်။ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေဆုအများဆုံးရထားသည်။
Comments
Post a Comment