မြ၀တီသို့မြန်မာအလုပ်သမား (၂၂၈) ဦး ယနေ့ညတွင်ထပ်မံရောက်ရှိ

                                                    Image may contain: one or more people, people standing, sky, cloud and outdoor
ထိုင်းနိုင်ငံတွင်အသစ်ထုတ်ပြန်လိုက်သည့် ရွှေ့ ပြောင်းအလုပ်သမားဆိုင်ရာဥပဒေအသစ်ကို ထိုင်းအစိုးရက ရက်ပေါင်း (၁၂၀) ယာယီဆိုင်းငံ့ခွင့်ပြုလိုက်သော်လည်း မဲဆောက်-မြ၀တီနယ်စပ်လမ်းကြောမှတဆင့်ထိုင်းနိုင်ငံအတွင်းပိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နေ့စဉ်နေရပ်ပြန်လာလျှက်ရှိသည်။
မြန်မာနိုင်ငံမြ၀တီမြို့ တွင်ဖွင့်လှစ်ထားသည့် ပြန်လည်ကြိုဆိုလက်ခံရေးစခန်းသို့ ယနေ့ည ၇ နာရီခွဲကျော်ကျော်တွင် ထိုင်းနိုင်ငံဘန်ကောက်မှတဆင့်မြန်မာအလုပ်သမား (၂၂၈) ဦး ထပ်မံဝင်ရောက်လာခဲ့ရာ တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ပြီး လိုအပ်သည့်အကူအညီများပေးအပ်ခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကစတင်ကာ မြ၀တီဘက်သို့ပြန်လည်ဝင်ရောက်လာကြသည့် မြန်မာအလုပ်သမားအရေအတွက်မှာ သောင်းဂဏန်းခန့်ရှိသွားပြီးဖြစ်သည်။
မြန်မာအလုပ်သမားအရေးဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏အဆိုအရ ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်ပေါင်း (၇၆) ခုတွင် မြန်မာအလုပ်သမား သိန်း(၃၀) ခန့်ရှိပြီး ထက်ဝက်ခန့်မှာ အထောက်အထားများမရှိကြသည့် တရားမ၀င်အလုပ်သမားများဖြစ်ကြသည်ဟုဆိုသည်။
ထိုင်းအစိုးရက အသစ်ထပ်မံထုတ်ပြန်လိုက်သည့် အလုပ်သမားဥပဒေသည် အတိမ်းအစောင်းမခံတော့သည့်သဘောသက်ရောက်နေသည့်အပြင် အလုပ်ရှင်ကပါလက်မခံရဲတော့သောကြောင့် နေရပ်သို့ပြန်လာရခြင်းဖြစ်သည်ဟု မြ၀တီသို့ ပြန်လည်ရောက်ရှိလာသည့် အလုပ်သမားတဦးကဆိုသည်။
ယခင်လ (၂၀) ရက်နေ့ကစတင်ကာ ထိုင်းအစိုးရကထုတ်ပြန်လိုက်သည့် အလုပ်သမားဥပဒေအသစ်၌ တရားမ၀င်နေထိုင်သည့်အလုပ်သမားသည် ထောင်ဒဏ်(၅) နှစ်နှင့်ထိုင်းဘတ်ငွေ (၁) သိန်း ပြစ်ဒဏ်ကျခံရဖွယ်ရှိသည်ဟုလည်း နေရပ်ပြန်လာသည့် အဆိုပါအလုပ်သမားက ဖြည့်စွက်ပြောဆိုသည်။
ပုံစာ - ယခုရက်ပိုင်းအတွင်းက မြ၀တီမြို့ ဘက်သို့ပြန်လည်ဝင်ရောက်လာကြသည့် မြန်မာအလုပ်သမားအချို့ ။     
ဇူလိုင် - ၂ - ၂၀၁၇
သတင်း - ကရင်အမျိုးသားမီဒီယာ
ဓာတ်ပုံ - စောဝင်းစိုး                                     

Comments