အင်ဒိုနီးရှားရေပိုင်နက်အတွင်း ဝင်ရောက်မှုဖြင့်ထိန်းသိမ်းခံရသော မြန်မာသဘောင်္သား ၇ ဦး ပြန်ရောက်

                             
ဓာတ်ပုံ-MFA ယနေ့ရောက်ရှိလာသော သဘောင်္သား ၇ ဦးနှင့် တာဝန်ရှိသူများ
ဇူလိုင် ၂၉ ။          ။ အင်ဒိုနီးရှား ရေပိုက်နက်အတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာသင်္ဘောသား(၇)ဦး ယနေ့ ဇူလိုင်လ ၂၉ ရက်တွင် ရန်ကုန်မြို့သို့   ပြန်လည်ရောက်ရှိလာသည်။
အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်၊ ဆာဘန်းမြို့တွင် M.V. Than Than Lwin-5 သင်္ဘောပေါ်ရှိ မြန်မာသင်္ဘောသား(၈)ဦးသည် အင်ဒိုနီးရှား ရေပိုက်နက်အတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည် ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
အဆိုပါသင်္ဘောသားများအား မြန်မာသံရုံးမှ ကိုယ်စားလှယ်များက ဆာဘန်းမြို့သို့ သွားရောက်ကာ တွေ့ဆုံခဲ့သည်။
ထို့နောက် မြန်မာသံရုံးမှ တာဝန်ရှိသူများသည် ဆာဘန်းမြို့ရှိ ဆိပ်ကမ်းရဲအရာရှိ၊ လူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲတို့အား တွေ့ဆုံခဲ့ရာ သင်္ဘောကပ္ပတိန် (ပဲ့နင်း) ဦးအောင်မျိုးအား ရုံးတင်စစ်ဆေးသွားမည်ဟု သိရှိရပြီး ရဲလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ပြီးပြတ်ပြီးဖြစ်သည့် ကျန်သင်္ဘောသား(၇)ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန် ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။
သင်္ဘောသား(၇)ဦးအား မြန်မာသံရုံးမှ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်များ ထုတ်ပေးခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လေယာဉ်စရိတ် ကျခံ၍ ပြန်လည်ခေါ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
၎င်းတို့သည် Jetstar လေကြောင်းလိုင်းဖြင့် ယနေ့ ဇူလိုင်လ ၂၉ ရက်၊ (၁၈:၃၅)အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြခြင်း ဖြစ်သည်။http://www.mizzimaburmese.com........

Comments