နှစ်နိုင်ငံ အစိုးရတွေက အသီးသီး တားမြစ်ထားပေမယ့် အသက်
(၁၅)နှစ်ဝန်းကျင်လောက်အထိ ငယ်ရွယ်တဲ့ မြန်မာမိန်းကလေးတွေဟာ
စင်ကာပူနိုင်ငံမှာအိမ်အကူအဖြစ် အလုပ်လုပ်နေကြဆဲလို့ အင်န်ဂျီအိုအဖွဲ့အစည်း
တွေက ပြောပါတယ်။
၂၀၁၄ ကတည်းက မြန်မာအစိုးရဟာ စင်ကာပူမှာ အိမ်အကူ အလုပ် သွားရောက်လုပ်ကိုင်ခွင့် ကို ကြပ်မတ်ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမဲ့ စင်ကာပူက အိမ်အကူ အလုပ်သမားတွေ ခိုလှုံရာအဖြစ် ရည်ရွယ်ထားတဲ့ အဖွဲ့အစည်းတွေကတော့ အကူအညီ တောင်းခံလာတဲ့ မြန်မာအမျိုးသမီးအရေအတွက်ဟာ တရိပ်ရိပ် တိုးပွားလာ နေကြောင်း ပြောပါတယ်။ တချို့က ဆယ်ကျော်သက် အရွယ်လောက်ပဲ ရှိကြသေးတယ်။ စင်ကာပူနိုင်ငံရဲ့ တရားဝင်ဥပဒေ သတ်မှတ်ချက်အရ အိမ်အကူ အဖြစ် အလုပ်လုပ်ကိုင်သူတွေ ဟာ အနည်းဆုံး အသက် (၂၃)နှစ် ပြည့်ပြီး ဖြစ်နေရမှာပါ။
‘‘အနည်းဆုံးတော့ ဒီလို ကိစ္စမျိုးက တစ်ပတ်မှာ တစ်ခုလောက် ကြုံနေကျပဲ’’လို့ ရွှေ့ပြောင်း စီးပွားရေးဆိုင်ရာ လူသားချင်း စာနာမှု အဖွဲ့အစည်း (HOME)ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ စတက်ဖနီချော့ခ်က ပြောပါတယ်။ သူရည်ညွှန်းတာက အသက်မပြည့်သေးတဲ့ မြန်မာအိမ်အကူတွေကိစ္စကို ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်က စင်ကာပူရောက် မြန်မာ အိမ်အကူအမျိုး သမီးတွေ အကူအညီတောင်းခံ လာမှုက ၂၇၂ ခုထိ ရှိခဲ့ပါတယ်။ ဒါဟာ ၂၀၁၅ က ကြုံခဲ့တဲ့ အ ရေအတွက် ၁၅၅ ကြိမ်ထက် သိ သိသာသာ ပိုများလာတာပါ။
‘‘မြန်မာနိုင်ငံက အိမ်အကူ ဝန်ထမ်းတွေလာပြီး အကူအညီတောင်းတာ ပိုများလာတယ်။ အရင်ကဆိုရင် အဲဒီလိုမျိုးက ဖိလစ်ပိုင်သူတွေ၊ အင်ဒိုနီးရှားသူတွေ အဓိက ကြုံရတတ်တာ။ အခုဆို ကျွန်မတို့တွေ သီတင်းပတ်တချို့ စောင့်ရှောက် ကူညီခဲ့ ရတဲ့ အထဲမှာ မြန်မာအမျိုးသမီး ဦးရေက ၄၀ ရာခိုင်နှုန်းလောက်ထိ မြင့်တက်လာတယ်’’လို့ ချော့ခ်က ဆိုတယ်။
101 East ရဲ့ စုံစမ်းစစ်ဆေး မှုအရ မြန်မာနိုင်ငံက ပြည်ပအ လုပ်အကိုင်ရှာဖွေရေး အေးဂျင့်တချို့ဟာ မိန်းကလေးတွေကို မွေးသက္ကရာဇ်အမှားတွေ ပြောင်းလဲစေပြီး အသက်လိမ်ထားတဲ့ အခြေအနေနဲ့ စင်ကာပူကို စေလွှတ်နေတယ်လို့ သိရပါတယ်။
101 East က အသက်(၁၅) နှစ်အရွယ် မိန်းကလေးတစ်ဦးကို မေးမြန်းခဲ့ရာမှာ အေးဂျင့်တွေက သူ့ကို စာရွက်စာတမ်းအတုတွေ ပြုလုပ်ပေးခဲ့ကြောင်း၊ စင်ကာပူ ကို ထွက်မလာခင် ကတည်းက အသက်အမှန် မပြောဖို့ မှာလိုက် ကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။ စင်ကာပူမှာတော့ အဲဒီမိန်းက လေးဟာ ကလေးနှစ်ယောက်ကို ထိန်းကျောင်းပေးရပြီး အိမ်အ လုပ်တွေကိုလည်း ညဥ့်နက်ပိုင်းထိ ဆက်တိုက်လုပ်ရကြောင်း ပြောပါတယ်။
တခြား အင်န်ဂျီအိုအဖွဲ့တစ်ခုဖြစ်တဲ့ Transient Workers Count Too က မနှစ်တုန်းက ကောက်ခံခဲ့တဲ့ စစ်တမ်းတစ်ရပ်မှာလည်း သူတို့အင်တာဗျူးခဲ့သူ မြန်မာ အိမ်အကူ ၅၅ ဦးအနက် ၁၆ ဦးဟာ အမှန်တကယ် အသက် (၂၃)နှစ်မပြည့်သေးဘဲ စင်ကာပူကို ရောက်လာတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
‘‘တချို့ဆို အသက်(၁၈) နှစ်တောင် မပြည့်သေးဘူး။ ဒီကိစ္စကမြန်မာအမျိုးသမီး အိမ်အကူတွေ နဲ့ ပတ်သက်ရင် အခြေခံပြဿနာ တစ်ခုလိုတောင် ဖြစ်လာတယ်’’ လို့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂျွန်ဂီး က မှတ်ချက်ပေးပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း စင်ကာပူရောက် မြန်မာအမျိုးသ မီးတွေနဲ့ပတ်သက်တဲ့ အကြောင်း အရာတွေကို မြန်မာမီဒီယာတွေ မှာ ဖော်ပြမှုတွေလည်း ရှိလာပါ တယ်။
ဇွန်လတုန်းက စင်ကာပူ ရောက် အသက် (၂၅)နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ ၁၈ ထပ် အမြင့်ကနေ ခုန်ချပြီး ကိုယ့်ကိုယ် ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ မကြာသေးခင်က ဖြစ်ရပ်တစ်ခု မှာလည်း အသက် (၁၅) နှစ်သာ ရှိသေးတဲ့ အိမ်အကူမိန်းကလေး ငယ် တစ်ယောက်ဟာ သူအလုပ် လုပ်ရာ ကိုးထပ်တိုက်ခန်း အမြင့် ကနေ ပြုတ်ကျပြီး ကျောရိုးမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ ပါတယ်။
ချော့ခ်က လွန်ခဲ့တဲ့ သုံးနှစ် ကတည်းက အိမ်အကူတွေ စင် ကာပူကို မသွားဖို့ မြန်မာအစိုးရက တားမြစ်ထားပေမယ့် ထင်ထင် ရှားရှား အပြောင်းအလဲတော့ သိပ် မရှိသေးဘူးလို့ မှတ်ချက်ပေးပါ တယ်။ ‘‘အဲဒီ ပိတ်ပင်မှုကနေ အမှန်တကယ်ထိရောက်တဲ့ အကျိုးသက်ရောက်မှုမျိုး မမြင်မိသေး ပါဘူး။ မြန်မာနိုင်ငံက အိမ်အကူ အလုပ်သမားတွေ စင်ကာပူကို ဝင်ရောက်လာနေဆဲပါ။ ကျွန်မတို့ အတွက်တော့ ဒါက ပုံမှန် လုပ် ငန်းစဉ်တစ်ခုလို့တောင် ယူဆရမလို ဖြစ်နေတယ်’’လို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ စင်ကာပူက မြန်မာသံရုံးအနေနဲ့ မှတ်ချက်ပေး တုံ့ပြန်မှု မရှိဘူးလို့လည်း သိရ ပါတယ်။
စင်ကာပူရဲ့ လူ့စွမ်းအား ဝန်ကြီးဌာနကတော့ နိုင်ငံရပ်ခြား က လာရောက်အလုပ်လုပ်တဲ့ အသက်မပြည့်သေးသူ အိမ်အကူဦးရေဟာ အတော်လေး နည်းပါးနေဆဲလို့ ပြောကြားထားပါ တယ်။ ဝန်ကြီးဌာန ပြောရေးဆို ခွင့်ရပုဂ္ဂိုလ်တစ်ဦးက အိမ်အကူ တွေရဲ့ မိခင်နိုင်ငံတွေဘက်မှာ အာဏာပိုင်တွေက စာရွက်စာ တမ်း အချက်အလက်တွေ တိကျမှု ရှိ၊ မရှိ အသေးစိတ်ဆန်းစစ်ဖို့ အရေးကြီးတယ်လို့လည်း ထောက်ပြထားပါတယ်။
ပြီးတော့ စင်ကာပူအစိုးရက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေအနေနဲ့ အင်တာဗျူး ခေါ်ယူ မှုတွေနဲ့ အလုပ်သမားတွေရဲ့ စာ ရွက်စာတမ်း ကိစ္စတွေမှာ ပိုပြီး တော့ ထဲထဲဝင်ဝင် ဆန်းစစ်ဖို့ မျှော်လင့်ကြောင်းလည်း ကြေညာ ထားပါတယ်။
၂၀၁၂ ကနေ ၂၀၁၆ အတောအတွင်း စင်ကာပူလူ့စွမ်းအား ဝန်ကြီးဌာန အာဏာပိုင်တွေက သတ်မှတ် စည်းမျဉ်းတွေကို လိုက်နာမှုမရှိဘဲ ချိုးဖောက်ခဲ့တဲ့ အေဂျင်စီကိုးခုကို အရေးယူမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုတယ်။ ဘယ်လိုဘယ်ပုံအရေးယူတယ်ဆိုတာကိုတော့ ဝန်ကြီးဌာနထုတ်ပြန်ချက်မှာ တိ တိကျကျ ဖော်ပြမထားပါဘူး။ စည်းမျဉ်းတွေအရတော့ စင်ကာပူဒေါ်လာ ငါးထောင်အထိ ဒဏ်ငွေဖြစ်စေ၊ တာဝန်ရှိသူကို ခြောက်လအထိ ထောင်ဒဏ် ချမှတ်တာဖြစ်စေ၊ လုပ်ငန်းလိုင်စင် ရုပ်သိမ်းတာမျိုးဖြစ်စေ အပြစ်ပေးနိုင်ပါတယ်။
တခြား ဆောင်ရွက်မှုတွေ အ နေနဲ့ အစိုးရတာဝန်ရှိသူတွေက အသက်ငယ်ရွယ်လွန်းတဲ့ အိမ်အကူ မိန်းကလေးတွေကို ဆန်းစစ် ရှာဖွေတာတွေ၊ အိမ်အကူတွေ အနေနဲ့ အသက်ကန့်သတ်ချက်က ဘာကြောင့် အရေးတကြီး လိုအပ်သလဲဆိုတာကို နားလည်အောင် ပညာပေးတာတွေ လုပ်ဆောင် နေတယ်လို့လည်း ဝန်ကြီးဌာန ကြေညာချက်မှာ ပါရှိတယ်။
စင်ကာပူက နေအိမ်တွေမှာ အိမ်အကူအနေနဲ့ အလုပ်လုပ် နေတဲ့ နိုင်ငံရပ်ခြား အမျိုးသမီး နှစ်သိန်းလေးသောင်း ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။ အများစုက ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားကပါ။ ဒါပေမဲ့ မြန်မာနိုင်ငံက အမျိုးသ မီးတွေကတော့ အကာအကွယ် အကင်းမဲ့ဆုံး အခြေအနေမျိုး ဖြစ် နေတယ်လို့ အင်န်ဂျီအိုဝန်ထမ်း တွေက ပြောပါတယ်။
ချော့ခ်က မြန်မာနိုင်ငံက ရောက်လာတဲ့ အိမ်အကူအမျိုးသမီးအများစုဟာ အင်္ဂလိပ်လို မပြောတတ်ကြသလို သူတို့ရဲ့ စာချုပ်ထဲမှာ အားလပ်ရက်သတ်မှတ် ချက်တောင် မပါဘဲ သဘောတူ ထားလေ့ရှိတယ်လို့ဆိုတယ်။ ‘‘ဒီအခြေအနေက သူတို့ကို အများနဲ့ ပိုပြီး ကင်းကွာသွားစေတယ်’’လို့ ချော့ခ်က ရှင်းပြတယ်။
စင်ကာပူက အိမ်အကူ စောင့်ရှောက်ရေး အင်န်ဂျီအိုအဖွဲ့အစည်းတွေဆီ ရောက်လာတဲ့ မြန်မာအမျိုးသမီးတွေခမျာ ပြဿနာ ပေါင်းစုံနဲ့ ကြုံလာရတတ်ပါတယ်။ လုပ်ခအပြည့်အဝ ပေးချေခြင်း မရှိတာ၊ အလုပ်ရှင်တွေက နှုတ်နဲ့ဖြစ်စေ၊ ကာယအားနဲ့ဖြစ်စေ အနိုင်ကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမော်ကားပြုတာတွေ အမျိုးမျိုးပါပဲ။
တချို့ကျပြန်တော့လည်း အလုပ်ရှင်က အစာရေစာ ဝဝလင် လင် မကျွေးဘဲ ပေါင်မုန့်လောက် သာ စားစေတယ်လို့ တိုင်ကြား ကြပါတယ်။ ‘‘ကျွန်မ မေးကြည့် တယ်။ အရမ်းဆာလာတော့ သူတို့ ဘာလုပ်သလဲ ဆိုပြီးတော့လေ။ ရေပဲသောက်ရတယ်လို့ ဖြေကြ ရှာတယ်’’လို့ ချော့ခ်က ဆိုတယ်။
Transient Workers Count Tooရဲ့ ဂီးကလည်း မြန်မာအိမ်အ ကူအလုပ်သမားတွေဟာ အလုပ်ရှင်ရဲ့ နေအိမ်မှာပဲ ဘောင်ခတ် ခံထားရသလို ဖြစ်နေနိုင်ခြေ ပိုများပြီး တချို့ဆိုရင် ဖုန်းတောင် ဆက်ခွင့်မရှိဘူးလို့ ပြောပါတယ်။ ‘‘အကူအညီ အလိုအပ်ဆုံး အမျိုးသမီး တွေက ပြင်ပနဲ့ ဆက်သွယ်ဖို့ အ ခက်ဆုံး ဖြစ်နေတတ်တယ်’’လို့ သူက မှတ်ချက်ပေးတယ်။
စင်ကာပူ လူ့စွမ်းအားဝန် ကြီးဌာနကတော့ မတော်မတရားတဲ့ နည်းလမ်းနဲ့ အိမ်အကူတွေ အပေါ် နိုင်ထက်စီးနင်း ပြုမူတဲ့ အလုပ်ရှင်ရော၊ အေဂျင်စီတွေ ကိုပါ ပြင်းပြင်းထန်ထန် ဒဏ် ရိုက်တာ၊ ထောင်ဒဏ်ချမှတ်တာ တွေ လုပ်ဆောင်သွားမယ်လို့ သတိပေးထားပါတယ်။
‘‘နိုင်ငံခြား အိမ်အကူတွေကို နိုင်ထက်စီးနင်း နှိပ်စက်သူတွေက ပုံမှန် ပြစ်ဒဏ်ထက် တစ်ဆခွဲလောက် ပိုများတဲ့ ပြစ်ဒဏ်မျိုး ချမှတ်ခံရနိုင်သလို အနာဂတ် ကာလမှာ နိုင်ငံခြား အိမ်အကူတွေ ငှားရမ်းခွင့် ပိတ်ပင်ခံရတာမျိုး ဖြစ်သွားနိုင်တယ်’’လို့ ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြ ထားတယ်။
HOME ရဲ့ လက်အောက်ခံ ခိုလှုံရေး စင်တာတစ်ခုမှာတော့ နောက်ထပ် အကူအညီတောင်း ခံလာတဲ့ အမျိုးသမီးတွေကို လက်ခံဖို့ နေရာမရှိလောက်အောင် ဖြစ်နေပါပြီ။ ‘‘ကျွန်မတို့ တာဝန်ယူနိုင် တဲ့ အတိုင်းအတာထိ အမြဲတမ်း လူပြည့်နေသလိုပါပဲ’’လို့ ချော့ခ်က ခပ်ညည်းညည်း ပြောပြသွား ပါတယ်။
(Al Jazeera သတင်းဌာန၏ Underage maids from Myan-mar seek help in Singapore ဆောင်းပါးကို ပြန်ဆိုသည်။)
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily........

Comments
Post a Comment