ပြည်ပထွက်ကစားခွင့်ရတော့မယ့်မြန်မာ့အဖိုးတန်ရတနာများ


မြန်မာအမျိုးသမီးဘောလုံးလောကရဲ့ သတင်းကောင်းတစ်ခုကို မြန်မာဘောလုံးအဖွဲ့ချုပ်က ဒီကနေ့ နေ့လည်ပိုင်းက အသိပေးကြေညာသွားခဲ့ပါတယ်။မြန်မာအမျိုးသမီးကစားသမားတွေနဲ့ အာဆီယံနိုင်ငံတွေမှာရှိတဲ့ အမျိုးသမီးကစားသမားတွေကို ဂျပန်နိုင်ငံမှာ ကျင်းပမယ့် အမျိုးသမီးလိဂ်ပြိုင်ပွဲ We League (Women’s Empowerment)မှာ လာရောက်ကစားဖို့အတွက် ဂျပန်ဘောလုံးအဖွဲ့ချုပ်က ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။လက်ရှိ ဂျပန်အမျိုးသမီးဘောလုံးလောကမှာ အမျိုးသမီးလိဂ်ပြိုင်ပွဲအဖြစ် သက်တမ်း ၃၁နှစ်ရှိပြီဖြစ်တဲ့ နာဒီရှီကိုလိဂ်ပြိုင်ပွဲဟာ ရှိနေပေမယ့် ၂၀၂၁မှာ ကျင်းပမယ့် We Leagueကိုတော့ ဂျပန်နိုင်ငံမှာ အဆင့်အမြင့်ဆုံး အမျိုးသမီးလိဂ်ပြိုင်ပွဲအဖြစ် စတင်သွားမှာဖြစ်တယ်လို့ သိရပြီး ဂျပန်နိုင်ငံရဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်အမျိုးသမီးလိဂ်ပြိုင်ပွဲဖြစ်လာမှာလည်း ဖြစ်ပါတယ်။အဆိုပါလိဂ်ပြိုင်ပွဲကို အသင်းပေါင်း ၆သင်းကနေ ၁၀အသင်းအထိ ယှဉ်ပြိုင်သွားမယ်လို့ သိရပြီး မြန်မာနိုင်ငံက အမျိုးသမီးကစားသမားတွေအပါအဝင် အာဆီယံနိုင်ငံအားလုံးက အမျိုးသမီးကစားသမားတွေကို လာရောက်ကစားဖို့ JFAက အာဆီယံဘောလုံးအဖွဲ့ချုပ် AFFကို ဖိတ်ခေါ်သွားခဲ့တယ်လို့ MFFက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာလည်း MFFက ဦးစီးကျင်းပတဲ့ အမျိုးသမီးလိဂ်ပြိုင်ပွဲတစ်ခု ရှိပြီး အသင်းပေါင်း ၈သင်းဖြင့် ပါဝင်ကစားနေကာ ပြိုင်ပွဲကျင်းပထားတဲ့ ဘောလုံးရာသီ ၃ကြိမ်မှာ မြဝတီအမျိုးသမီးအသင်းဟာ ၂ကြိမ်ချန်ပီယံဖြစ်ထားပြီး လက်ရှိချန်ပီယံကတော့ ISPEအမျိုးသမ်ီး(အား/ကာသိပ္ပံ)အသင်းပဲ ဖြစ်ပါတယ်။ ၂၀၂၀မှာတော့ ကိုဗစ်ကြောင့် အမျိုးသမီးလိဂ်ကို မကျင်းပနိုင်ခဲ့တာကို တွေ့ရပါတယ်။

မြန်မာ့အမျိုးသမီးဘောလုံးလောကအတွက် ပြိင်ပွဲတွေများစွာ ထွက်ပေါ်လာဖို့က အရေးအကြီးဆုံး အရာဖြစ်ပြီး အခုလို ပြည်ပကို ထွက်ကစားဖို့ဆိုတာကလည်း မြန်မာအမျိုးသမီးဘောလုံးသမားတွေအတွက် လိုအပ်တဲ့ နိုင်ငံတကာ အတွေ့အကြုံတွေကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။

မြန်မာအမျိုးသမီး ကစားသမားတွေအတွက်လည်း အခုဆိုရင် အခွင့်အလမ်းတွေဟာ ပွင့်လာခဲ့ပြီဖြစ်ပြီး လက်ရွေးစင်အဆင့်ရှိတဲ့ အရည်အသွေးမှီတဲ့ ကစားသမားတွေကတော့ သေချာပေါက် သွားကစားနိုင်မှာ ဖြစ်ပါတယ်။လက်ရွေးစင်အမျိုးသမီးအသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ဝင်းသင်္ဂီထွန်း၊ ခင်မိုးဝေ၊ ခင်မာလာထွန်း၊ ရီရီဦး၊ ခင်သန်းဝေ၊ ဝေဝေအောင်၊ မြဖူးငုံတို့ဟာ ဂျပန်လိဂ်ကို သွားရောက်ကစားနိုင်ဖို့ အလားအလာ အရှိဆုံးကစားသမားတွေဖြစ်ပြီး လူငယ်လက်ရွေးစင်အမျိုးသမီးကစားသမားတွေမှာလည်း အခွင့်အရေးရှိနေမှာပါ။

ကမ္ဘာ့ဘောလုံးလောကရဲ့ အမြင့်ဆုံးပြိုင်ပွဲတစ်ရပ်ဖြစ်တဲ့ FIFAက ကျင်းပတဲ့ ကမ္ဘာ့ဖလားအမျိုးသမီး ပြိုင်ပွဲဟာလည်း ပြိုင်ပွဲဝင်အသင်း ၃၂သင်းအထိ တိုးမြှင့်ထားခဲ့လို့ မြန်မာအသင်းအာရှဖလားဝင်ခွင့် ရရှိခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ကို မျှော်မှန်းနိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ ၂၀၂၀၊ ဩဂုတ်လက ထုတ်ပြန်တဲ့ ကမ္ဘာ့အဆင့်မှာတော့ ၄၅နေရာမှာ ရပ်တည်နေပါတယ်။အာဆီယံအမျိုးသမီးဘောလုံးလောကမှာတော့ ကမ္ဘာ့ဖလားကို ဝင်ရောက်ယှဉ်ပြိုင်ဖူးတဲ့ အသင်းဟာ ထိုင်းအမျိုးသမီးအသင်း တစ်သင်းတည်းသာ ရှိပြီး ၂၀၁၅(ကနေဒါ)၊ ၂၀၁၉(ပြင်သစ်) ပြိုင်ပွဲတွေကို နှစ်ကြိမ်တိုင် ဝင်ရောက်ခွင့်ရထားပါတယ်။........

Comments