ဘီလာရုစ်အပြေးမယ် ဆီမာနူစကာယာသည် ပိုလန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံ





ဘီလာရုစ်အပြေးမယ် ဆီမာနူစကာယာသည် ပိုလန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံရန်အတွက် သြဂုတ်လ(၄)ရက်(ယနေ့)တွင် ဂျပန်နိုင်ငံမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ အသက် (၂၄)နှစ်အရွယ်ရှိ ဆီမာနူစကာယာသည် ပိုလန်နိုင်ငံ၊ ဝါဆောမြို့သို့ သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှတစ်ဆင့် သွားရောက်မည်ဖြစ်သည်။ လေဆိပ်တွင် သတင်းထောက်များ၏မေးမြန်းမှုကို ၎င်းက ဖြေကြားရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။ ဆီမာနူစကာယာသည် မီတာ(၂၀၀)အပြေးမယ်ဖြစ်သော်လည်း မီတာ (၄×၄၀၀)ပြေးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အတင်းအကျပ်ဖိအားပေးခံရသောကြောင့် Instagram တွင် ဗီဒီယိုဖိုင်တင်ကာ ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ကာယကံရှင်၏ဆန္ဒမပါဘဲ အတင်းအကျပ် အိမ်ပြန်ပို့ခံရသော်လည်း လေဆိပ်တွင် ဂျပန်ရဲတပ်ဖွဲ့၏အကူအညီဖြင့် လုံခြုံဘေးကင်းခဲ့ရကြောင်း သိရသည်။ ဥရောပ၏နောက်ဆုံးအာဏာရှင်အဖြစ် ကျော်ကြားသူ သမ္မတ လူကာရှန်ကို၏ ဘီလာရုစ်နိုင်ငံတွင် ဆီမာနူစကာယာ၏ဖြစ်ရပ်မှာ ထောင်ဒဏ်ကျခံရဖွယ်ရှိကြောင်း ကာယကံရှင်ကိုယ်တိုင်က ဖွင့်ဟခဲ့သည်။ ဆီမာနူစကာယာကို နိုင်ငံရေးခိုလှုံခွင့်ပေးရန် ချက်၊ ဆလိုဗက်ကီးယားနိုင်ငံများမှလည်း ကမ်းလှမ်းခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ သူ၏ခင်ပွန်းဖြစ်သူ ဇီဒန်နီဗစ်ချ်မှာလည်း ဘီလာရုစ်မှ ယူကရိန်းသို့ ထွက်ပြေးခဲ့ပြီး မကြာမီတွင် ပိုလန်နိုင်ငံ၌ ဇနီးဖြစ်သူနှင့် ဆုံတွေ့ခွင့်ရမည်ဟု မျှော်လင့်ကြောင့် ပြီးခဲ့သည့်တနင်္လာနေ့က ကိဗ်မြို့တွင် ဂျာနယ်လစ်များသို့ ပြောကြားခဲ့သည်။
Photos : AFP Crd..Eleven Sports ........

Comments