ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းအသက်အန္တရာယ်ချိန်းခြောက်ခံရ


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန်အတွက် အဖွဲ့အစည်းတစ်ခုက ဒီရက်ပိုင်းအတွင်း အခကြေးငွေပေးပြီး ကြိုးစားခဲ့တယ်လို ရိုက်တာသတင်းဌာနကဖော်ပြပါတယ်။

နယူးယောက်မြို့မှာ လက်ရှိနေထိုင်လျှက်ရှိတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို အဲဒီအဖွဲ့အစည်းက အခကြေးငွေပေး ကာ သံအမတ်ကြီးကို အခုလို သတ်ဖြတ်ပေးဖို့ ငှားရမ်းခဲ့တာဖြစ်ပြီး အဲဒီမြန်မာနိုင်ငံသားက ဦးကျော်မိုးထွန်းကို ဆက်သွယ်ပြီး အကြောင်းစုံကို ပြောပြခဲ့ပြီးနောက်မှာ သံအမတ်ကြီးက အမေရိကန်အစိုးရ လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီမြန်မာနိုင်ငံသားဟာ အမေရိကန်ပြည်ထောင်စုကို အလည်အပတ်ဗီဇာနဲ့ လာရောက်ပြီးနောက်မှာ ခိုလှုံခွင့်တောင်းထားသူဖြစ်ကြောင်းနဲ့ သူ့ကို အခု အမေရိကန် ပြည်ထောင်စု ထောက်လှမ်းရေးအရာရှိတွေက စစ်ဆေးမေးမြန်းနေကြောင်းလည်း သတင်းရပါတယ်။

ရိုက်တာသတင်းဌာနကတော့ သံအမတ်ကြီးက သူ့ရဲ့လုံခြုံရေးခြိမ်းခြောက်မှု အန္တရာယ်ကို ပြီးခဲ့တဲ့အင်္ဂါနေ့က သိရှိရတဲ့အတွက် အမေရိကန်ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီးနောက် အခု စုံစမ်းအရေးယူနေကြောင်း၊ သူ့ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့က ဆောင်ရွက်ပေးထားကြောင်း ပြောဆိုတယ်လို့ ဖေါ်ပြပါတယ်။ အမေရိကန်ပြည်ထောင်စု ဗဟိုအစိုးရစုံစမ်းစစ်ဆေးရေးအဖွဲ့ FBI က ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ အမေရိကန်နိုင်ငံခြားရေးဌာနကလည်း မိမိတို့ရဲ့ကာကွယ်ရေးအစီအစဉ်တွေကို အသေးစိတ်ပြောဆိုထုတ်ပြန်ခြင်း မရှိပါဘူးလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဦးကျော်မိုးထွန်းရဲ့ လုံခြုံရေးအတွက် လက်ရှိတာဝန်ယူထားတဲ့ နယူးယောက်မြို့ရှိ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကတော့ သံအမတ်ကြီးအတွက် လုံခြုံရေးကို အရင်ကထက်ပိုမိုအဆင့်မြင့်ဆောင်ရွက်နေတယ်လို့လဲသိရပါတယ်။

Crd#MyanmarLabourNews ........

Comments